Tuesday, February 3, 2009

စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား

စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား(ခေတ်ပြိုင် အယ်ဒီတာ့အာဘော်)
၂ ဖေဖော်ဝါရီ ၂၀၀၉


အိုင်ယာလန်ညီလာခံမှ မြန်မာအတိုက်အခံအမတ်များ၏ မဲဆွယ် မဲဝယ် ဇာတ်လမ်းကြားရတော့ လောလောလတ်လတ် ထိုင်းနိုင်ငံရေးမှ ခြံခုန်အမတ်များ ဇာတ်လမ်းကို အတုခိုးလေသလားဟုပင် ထင်မှတ်ရ၏။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို နှစ်ပေါင်းများစွာ သစ္စာခံခဲ့သည့် နေ၀င်းချစ်ချော့အုပ်စုမှ အမတ် (၂၃) ဦးက ဒီမိုကရက်ပါတီဘက်ကို ခြံခုန်လိုက်ပြီးနောက် တပ်ဆင်ကြိုးကိုင်ထားသည့်ပါတီ အာဏာလက်လွတ်ခဲ့ရ၏။ ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ပြီး အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခဲ့၏။ ထို့ကြောင့် အာဘီဆစ်အစိုးရက ထိုအမတ် (၂၃) ဦးကို သူကောင်းပြုရတော့မည်ဆိုသည်ကို ထိုင်းတနိုင်ငံလုံးက ရိပ်စားမိ၏။

တကယ်လည်း အာဘီဆစ်ခေါင်းဆောင်သည့် အစိုးရဖွဲ့ပြီဆိုတော့ အရေးပါသည့် ထိပ်တန်းဝန်ကြီး ရာထူးအချို့ကို ထိုခြံခုန်အမတ် (၂၃) ဦးအား ခွဲပေးရ၏။ Bangkok Post သတင်းစာ၏ ရေးသားချက်အရ ဆိုရလျှင် ပြည်ထဲရေး ဒု-၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးနှင့် ပို့ဆောင်ရေး ဒု-၀န်ကြီး စသည့် ရာထူးများကို ထိုခြံခုန် အမတ်အုပ်စုအား ခွဲပေးခဲ့ရ၏။

ထိုမျှသာမကသေး။ ယနေ့ဆိုလျှင် အဆိုပါ ခြံခုန်အမတ် (၂၃) ဦးကို တလ ထောက်ပံ့ကြေးငွေ ဘတ် (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၆,၀၀၀ နီးပါး) ပေးထားရသည်ထိ သူကောင်းပြုနေရသည်ဟု Bangkok Post က ထောက်ပြ၏။

ထိုခြံခုန်အမတ် (၂၃) ဦးကို ကိုင်ထားသည့် နေ၀င်းချစ်ချော့က လွှတ်တော်ပြန်မစခင် သူ့အမတ်တွေ အပန်းဖြေဖို့အတွက် အမတ် (၂၃) ဦးကို မိသားစုတွေ၊ သူတို့ လက်ထောက်တွေအပါအ၀င် တရုတ်နိုင်ငံသို့ သွားရောက် အနားယူစေ၏။ လေယာဉ်စရိတ်၊ တည်းခိုစရိတ်ကအစ အားလုံးစရိတ်ငြိမ်းဖြစ်အောင် နေ၀င်းချစ်ချော့ စီစဉ်ပေး၏။ ဒါတင်မက အသေးသုံး သုံးရအောင်ဆိုပြီး အမတ် (၂၃) ဦး အိတ်ကပ်တွေပါ ဖောင်းနေအောင် ပေးလိုက်သေးသည်ဟု Bangkok Post ကရေး၏။

မြန်မာအမတ်များ၏ အိုင်ယာလန် ညီလာခံပုံစံကတော့ တမျိုးဖြစ်၏။ မြန်မာစစ်အစိုးရသံအမတ် ဖယ်ရှားရေးကိစ္စအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဝင် အမတ်တွေ မဲခွဲဆုံးဖြတ်ကြသတဲ့။ တနည်းပြောရလျှင် ဘုံရန်သူဆိုပြီး ကင်ပွန်းတပ်ထားသည့် စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့် သူဟူ၍ ရွှေဥာဏ်တော်စူးရောက်ပြီး မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်၏။ အံ့သြစရာပင်။

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် (၅) ဦး စင်ပြိုင်အစိုးရဟောင်းက မြန်မာစစ်အစိုးရ သံအမတ်ဖယ်ရှားရေးကိစ္စ သဘောမတူ။ မည်သည့်အကြောင်းကြောင့် သဘောမတူသည်ဖြစ်စေ မလုပ်ချင်၍ ထိုင်နေလျှင် ပြဿနာမရှိ။ လုပ်ချင်သူတွေက ဆက်လုပ်ဖို့သာရှိသည်။

ယခုတော့ စစ်အစိုးရကိုတိုက်မည့် ကမ်ပိန်းတခုအတွက် မြန်မာအမတ်တွေ ညီလာခံကြီးကျင်းပပြီး ထောက်ခံမလား၊ ကန့်ကွက်မလား မဲခွဲရသည့်အဖြစ်မှာ ကျော်မကောင်း ကြားမကောင်း။ နောင်ဆိုလျှင် မြန်မာသံရုံးရှေ့ ဆန္ဒပြမည့်ကိစ္စမျိုး၊ စစ်အစိုးရကို ဝေဖန်ရှုတ်ချသည့် ထုတ်ပြန်ချက်ထုတ်မည့် ကိစ္စမျိုးကိုပင် မဲခွဲဆုံးဖြတ်ရမည့်ကိန်း ဖြစ်နေ၏။

ပို၍ဆိုးသည်မှာ ထိုကမ်ပိန်းကြီးကို တချိန်က တက်တက်ကြွကြွ ထောက်ခံသူ အမတ်အချို့က တိုးချဲ့စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးရသည့်အခါ ကန့်ကွက်မဲ ပေးလိုက်သည့်အတွက် ကန့်ကွက်မဲမျက်နှာကြောင့် ၀န်ကြီးရာထူးပေးသည့်ကိန်း ဖြစ်သွားသဖြင့် ကြားရသူတိုင်း စိတ်မသက်မသာ ဖြစ်ကုန်ပြန်၏။

ထိုကဲ့သို့သော ၀န်ကြီးအမျိုးအစားများနှင့် ဖွဲ့ထားသည့် စင်ပြိုင်အစိုးရအပေါ် ပြည်သူတွေ၊ အတိုက်အခံတွေ မည်သို့ ယုံယုံကြည်ကြည် အားထားရမလဲ ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ပို၍ စိတ်မကောင်းစရာဖြစ်ရပ်မှာ အဆိုပါ အိုင်ယာလန်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း တလုံးတပါဒမျှ ဒေါ်လာစား အမတ်မင်းများ ဆွေးနွေးပြောဆိုခြင်းမရှိဟု ခေတ်ပြိုင်က စုံစမ်းသိရှိရ၏။ ထိုအချက်ကို ရှင်းပြဖို့ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရမှာ တာဝန်ရှိသည်ဟု ခေတ်ပြိုင်က ယူဆ၏။

(ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

5 comments:

Anonymous said...

ရှင်းပြီးရင်း ရှင်းနေရသည့် ရှင်းနေခဲ့သည့်ကိစ္စ
ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား” “ရှင်းပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီး အချက်ကိုလည်း ရှင်းပုံမပေါ်ဖြစ်နေလို့၊ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။

(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြုလုပ်ပြီးသကာလ၊ ၂-၂-၀၉ နေ့က ကြေညာချက် ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီး ရှိနေသောကြောင့် သူတို့ မရှင်းအားကြပါ။

(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေစိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် လေ့လာ၊ ဆွေးနွေး၊ ဆောင်ရွက်နေခဲ့ကြ ပါသည်။ ညီလာခံရောက်သောအခါ အားလုံးသောကိုယ်စားလှယ်များသည် ယင်းပုဂ္ဂိုလ်တို့၏ အပြန်အလှန် တင်ပြချက်များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက်၊ အပြန်အလှန်၊ သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိပဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အားလုံးကနေ လွတ်လပ်သောဆန္ဒနဲ့မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါ ခင်ဗျား။ ယင်းကိစ္စမှာ (အာဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ၊ ညီလာခံတိုင်းဆိုသလို (ဟော့တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။
• ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပဌမ လွတ်လာရသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။
• ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။
• ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင် လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်-အာရ်-ပီ)အား အစပျိုးစေသည်၊
• ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။
• ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)၊
• ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ဓါတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ၊
• ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။
• ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပြစ်ရပ်စကားပြောခြင်း၊ စစ်ထောက်လှမ်းရေးပျက်သုဉ်းခြင်း၊
• ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေးကျခဲ့ပါသည်။

(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါဟု လေ့လာသူက ဆိုပြန်ပါသည်။ မှားပြန်ပါပြီ၊ အမှားကြီးပါ။ ညီလာခံတလျှောက်လုံး (ဗီဒီယို)မှတ်တမ်းတင်ပါသည်။ အတွင်းစည်းအတွက်ပါ။ အသံဖိုင် ထုတ်ပြဘို့အထိ လိုမည်မထင်ပါ။ တခုသက်သေပြပါမည်။ ကျွန်တော်တို့၏ ကြညာချက်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ထိပ်ကရေးထားပါသည်။ ညီလာခံအပြီးကျင်းပသော တိုင်ပင်ညှိနှိုင်းပွဲ၏ ကြေညာချက် “Unity for Democracy and Civil Liberties” တွင်လည်း ကျွန်ုပ်တို့၏ခေါင်းဆောင်များ လွတ်မြောက်ရေးကို အလေးထားခဲ့ပါသည်။ တပတ်အတွင်းပင် ဒေါ်စုကိုယ်တိုင် (ဂန်ဘာရီ)အား အနိမ့်ဆုံးသိသာမြင်သာသည့် အပြောင်းအလဲသည် ယင်းအရေးဟုဆိုလိုက်ပါပြီ။ ယင်းသတင်းထွက်မည့်နေ့ကပင် အိန္ဒိယမှာ ထိုအရေးအတွက် ဆန္ဒပြခဲ့ကြပါသည်။ တိုက်ဆိုင်တာမဟုတ်ပါ။ ဒေါ်စုအား လူကြားကောင်းအောင် နာမည်ထုတ်အော်နေသည်ထက် သူ့ရပ်တည်ချက်နှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မှုကို လေးစာတာပါ။ တခုပြောပါရစေ အမတ်တိုင်းက (အင်ဂျီအို)ဒေါ်လာမစားပါ။

(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့် သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်-အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ်ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်များခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပြစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး၊ များစွာလည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။

မကောင်းသည့် စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူလည်းအားရ၊ ကိုယ့်ကုန်လည်းရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာဏာရှင်စနစ်ကို တိုက်နေသူများအား ဟိုဖက်ကလှည့် အပုတ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည် ဆန်းစစ်ကြရန် အနူးအညွှတ်မေတ္တာရပ်ခံပါသည်။

တင့်ဆွေ
၎-၂-၀၉

vanko said...

ဘာပဲပြောပြော အစ်မရေ Dublin ညီလာခံကတော့ ကျွန်တော်တို့ကို စိတ်ပျက်စေတာ အမှန်ပါပဲ။ တကယ်ကို ကျော်မကောင်း ကြားမကောင်းပါပဲ။ ဘယ်လိုပဲ ဖြေရှင်းဖြေရှင်း အနံ့ထွက်တယ်ဆိုကတည်းက မကောင်းဘူးလို့ ထင်တာပါပဲ။ Credentials Challenge အရေးကလည်း ကုန်ရောင်းသလို အရှုံးအမြတ် တွက်နေရမယ့်ဟာ လို့လည်း မထင်ပါဘူး။ ဖြစ်နိုင်ခြေတွေ မဖြစ်နိုင်ခြေတွေ ပြောနေရင်းနဲ့ပဲ ၂၀၁၀ ရောက်တော့မှာပါ။ နှစ် ၂၀ လုံး ဘာမှ ဟုတ်တိပတ်တိ ဖြစ်မလာ။ ခုချိန်ထိ တိုက်သင့် မတိုက်သင့် အချင်းများနေတုံးပဲတဲ့ဗျာ။ သတ္တ၀ါနဲ့ မျှတဲ့လက်နက်မတွေ့ခင် ကျွန်တော်တို့အားလုံး သတ္တ၀ါ ပါးစပ်ထဲရောက်ရတော့မယ် ထင်ပါရဲ့။ ထပ်ပြောချင်တယ်ဗျာ။ တကယ်ကို စိတ်ပျက်တယ်။

Senior General Than Shwe said...

ကျွန်တော်ကတော့ Credentials Challenge ကို သဘောမတူဘူး ဒေါက်တာစိန်ဝင်းတို့ မထောက်ခံတာကြိုက်တယ် စစ်အစိုးရကို ကုလ ကထုတ်ရုံနဲ့ မြန်မာပြည်မပြောင်းလဲဘူး တကယ်တန်း စစ်အစိုးရကို မြန်မာပြည်မှာ တောထုတ်ဖို့ လုပ်ရမယ်

Anonymous said...

စာတွေ လာဖတ်ပါတယ်။ မသိသေးတာလေးတွေကို သိခွင့်ရလို့၊ ဖတ်ခွင့်ရလို့ ဗဟုသုတ အိုးကြီး တစ်လုံးနဲ့ တိုးသလိုပါပဲ။ အားတိုင်း လာဖတ်ပါအုံးမယ်။ လင့်ချိတ်ထားမယ်။ ပိုစ်အသစ်တင်ရင် ချက်ချင်း ဖတ်လို့ရအောင်ပါ။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်၊ အောင်မြင် ကံကောင်းပါစေ။

Anonymous said...

အစ်မတော်လေးရေ...အားလုံးအတွက် ကျေးဇူးတစ်သန်းခွဲလောက် တင်သွားပါတယ်ဗျာ။း) ပျော်ရွှင်ပါစေ။.........