ကျွန်တော့မှာ အမေအိုကြီးရှိပါတယ်
ညီလေးနဲ့ ညီမလေးလဲရှိပါတယ်
ကျွန်တော်တို့က လက်လုပ်လက်စားဆိုတော့
စာလဲကောင်းကောင်း မသင်ခဲ့ရပဲ
ကြုံရာကျပန်း ဗျတ်ထိုးဈေးသည်လုပ်ပါတယ်
ဈေးကောက်ကကြမ်း စည်ပင်ဖမ်းနဲ့
ဆန်ဈေး ဆီဈေးတက်
ကောင်းကောင်းမွန်မွန် လုပ်မရ ကိုင်မရ
ထမင်းလဲ သိပ်မဝပါဘူး။
တို့ဆီလာခဲ့
တို့နောက်လိုက်ခဲ့
တို့အားကိုးလှည့်တဲ့
တို့သာအမိ တို့သာအဖ လို့သဘောထား
မင်းကို တို့အားလုံးတာဝန်ယူတယ်တဲ့
ဒါနဲ့ ဈေးဗန်းချပြီး
စစ်သားကြီးလဲ ဖြစ်ခဲ့ရပြန်တယ်
အဲဒီမှာ တို့လိုလူတွေ အများကြီး
အိမ်ကဘဝနဲ့လဲ သိပ်မကွာပါဘူး
တန်းလျားရှည်ကြီး ပြောင်းအိပ်ရတာနဲ့
ထမင်းနပ်မှန်တာ တခုပါပဲ
တို့ကိုခိုင်းတဲ့သူတွေသာ ဇိမ်နဲ့စား
ဇိမ်နဲ့နေကြတာပါပဲ
တနေ့တော့
မြန်မြန် မင်းတို့လိုက်ခဲ့ကြ
ရော့ သေနတ်
ရှေ့က မင်းရဲ့ရန်သူပဲ
ပစ်ချလိုက်ပါတော့လား သတ်လိုက်ပါတော့လားတဲ့။
သူတို့ပြောတဲ့ ရန်သူဆိုတာကလဲ
ကျွန်တော်ဈေးရောင်းတုန်းက
ကျွန်တော့ဖေါက်သည် ဈေးဝယ်တွေပါပဲ
ဗိုလ်ချုပ်အောင်ဆန်းပုံကိုင်ထားသူနဲ့ အလံနီရဲရဲ
တွေကိုင်ထားကြတယ်၊
ဆန်းဈေး ဆီဈေး အရာရာဈေးတွေချပေးဖို့ အော်ဟစ်နေကြရဲ့
ဒီလိုနဲ့ ပစ်ဆိုတော့ ပစ်ချလိုက်တော့
ကျွန်တော့ညီလေးနဲ့ ညီမလေးသေပါရောလားဗျာ။
ဘုရား ဘုရား
သူတို့ပြောတဲ့ ရန်သူဆိုတာ
ကျွန်တော့ သွေးချင်းတွေပါလား
သူတို့ပြောတဲ့ရန်သူဆိုတာ
ကျွန်တော့အမေနဲ့ အဖေပါလား
သူတို့ပြောတဲ့ရန်သူဆိုတာ
ကျွန်တော့ကိုစာသင်ပေးတဲ့ ကျောင်းဆရာပါလား
သူတို့ပြောတဲ့ရန်သူဆိုတာ
ကျွန်တော့သူငယ်ချင်း ဆွေသားရင်းခြာတွေပါလား
သူတို့ပြောတဲ့ရန်သူဆိုတာ
ကျွန်တော်ကိုးကွယ်တဲ့ ဆရာတော်ကျောင်းက
ဘုန်းကြီးတွေပါလား
သူတို့ပြောတဲ့ရန်သူဆိုတာ
ကျွန်တော့အချစ်ဆုံး တူလေးနဲ့တူမလေးပါလား
ဘုရားဘုရား
သူတို့ပြောတော့
ရန်သူဆိုတာ……?.....?.....?.....
(မောင်နီမော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment