ကိုခွန်မြင့်ထွန်း
နိုင်ငံရေးအကျဉ်းသားဟောင်း( ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ) သထုံအမှတ်(၁)
၈.၈.၈၈ နံနက် ၈ နာရီမှာ အဖြူအစိမ်း ၀တ်ထားတဲ့ ကျောင်းသားလေးတွေ သပိတ်တစ်လုံးမှောက်ကိုင်ပြီး ချီတက်လာတာမြင်တော့
ကျွန်တော်ရပ်မကြည့် မနေနိုင်တော့ဘူး၊ သူတို့ နဲ့ အတူ ပါဝင်ခဲ့ တယ်၊ ဒီမိုကရေစီရရှိရေး ဒို့ အရေးလို့  မကြွေးကြော်တတ်ကြသေးဘူး။
နောက်တော့ ဒီမိုကရေစီရရှိရေး ဒို့ အရေးလို့ တပြည်လုံးကြွေးကြော်ခဲ့ ကြတယ်။ယခုနှစ် (၂၀) ကြာလာတဲ့ အခါမှာ ကျွန်တော်တို့ ရဲ့ 
ကြွေးကြော်သံဟာ ကျွန်တော်တို့ ကိုသတ်ဖြတ်ခဲ့ တဲ့ နအဖရဲ့ ပါးစပ်ထဲရောက်နေပါပြီ။ သူတို့ ရင်ထဲမှာ ကြိုက်ချင်မှကြိုက်မယ်
ဒါပေမယ့် သူတို့ ပါးစပ်က မကြွေးကြော်လို့ မရတော့ဘူး။ ဒါဟာကျွန်တော်တို့ ၈၈၈၈တော်လှန်ရေးရဲ့ ဒီနေ့ အောင်မြင်မူအဆင့်ဆင့်
ဖြစ်ပါတယ်။
မအိရွှေစင်ညွန့် 
နိုင်ငံရေးအကျဉ်းသူဟောင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်/ FTUB / BPPU )
၁၉၈၈ သြဂုတ်လ ၈ ရက်ရဲ့ ညဟာ ကျမဘ၀ အတွက် ထူးခြားတဲ့မြင်ကွင်းမထင်မှတ်တဲ့ ရက်စက်ခြင်းတွေကိုကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရကျော်ဖြတ်ခဲ့ရပါတယ် ငယ်ရွယ်တဲ့ကလေးဘ၀မှာပဲ သေနတ်သံတွေကြားပစ်ခတ်မှုတွေကြားကျမအကြိမ်ပေါင်းများစွာ ကျော်လွှားခဲ့ရပါတယ် တစ်ချို့ရက်တွေဆို ချီတက်မဲ့လမ်းမှာ သေနတ်တွေနဲ့  ဘတ်နက်တွေ ဒိုင်းတွေနဲ့ တန်းစီပြီ ကျမတို့ကိုပစ်သတ်ဖို့ အသင့်စောင့်နေမှန်းသိလျှက်နဲ့  ရင်ထဲကနာကျဉ်းချက်တွေနဲ့ ကျမရဲရဲတင်းတင်း ချီတက်ခဲ့ပါတယ်ကံကြောင့်ပဲလား
မသိဘူး။အင်းစိန်အရင်ဘီအိုစီလို့ ခေါ်တဲ့ မီးရထားအိမ်ယာဘေးဗဟိုမူလတန်းကျောင်းအကျော်လေးမှာကျမကျဉ်တောင့် ရဲ့ ရှပ်သွားတဲ့ပူလောင်တဲ့ယမ်းဒဏ်ကလွဲပြီးကျမအသက်ရှင်ရက်ခုထိကျန်နေဆဲပါ။ ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ် ရဲ့အကြွေးဟာခုထိမကြေသေးပါဘူးအသက်ပေးသွားတဲ့ ကျောင်းသားပြည်သူရဟန်းရှင်တို့ ဟာ
'' ရရင်ရမရရင်ချ ''
''ဗိုလ်ချုပ်ပေးတဲ့စစ်ပညာကျောင်းသားတွေကိုသတ် ဖို့ မဟုတ်ဘူး''
လို့ ကြွေးကျော်ရင်းပဲ--------- သူတို့ အသက်တွေပေးခဲ့ရတာပါ ။အတုန်းအရုန်း နဲ့ သေခဲ့တာများကျမ ခုတွေး ခုမျက်ရည်ကျဆဲပါ ။ရှစ်လေးလုံးညမြို့တော်ခန်းမရှေ့ကနေစပစ်ခဲ့တာ ခု စက်တင်ဘာ အထိ မပစ်မရပ်သေးခဲ့တာကြည့်ရင် စစ်အုပ်စုဟာ ပြည်သူများစွာရဲ့ အသက် နဲ့သူတို့ စည်းစိမ်ချမ်းသာတွေနဲ့  လဲလှဲနေကြဆဲပဲဆိုတာထင်ရှားပါတယ်။ရှစ်လေးအရေးတော်ပုံကြီးရဲ့ညီညွတ်မှု စည်းလုံးမှု ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုမရှိပဲ စနစ်ကျမှု တွေကြောင့်ကျမတို့ ဟာ တစ်ပါတီအာဏာ၇ှင် ဖြစ်တဲ့ ဦးနေ၀င်း ကိုဖြုတ်ချနိုင်ခဲ့ပြီဦးးနေ၀င်း အမွေကိုဆက်ခံနေတဲ့စစ်အုပ်စုကိုလည်းအမြစ်ဖြတ်ခြေမှုန်းမဲ့ တော်လှန်ရေးသမားတွေ အများကြီးကိုမွေးဖွါးပေးခဲ့တဲ့အပြင် ကျမကိုယ်တိုင်လည်းဒီတော် လှန်ရေးထဲမှာပါဝင်ခွင့်တော်လှန်ရေးသမားဖြစ်ခွင့် နိုင်ငံရေးအကျဉ်းသူတစ်ယောက် ဖြစ်ခွင့်ကိုရခဲ့ပါတယ် ။ဒီရှစ်လေးလုံး နှစ် နှစ်ဆယ်ပြည့်မှာကျမပြောချင်တာကတော့ -တော်လှန်ရေးတစ်ခုလုံး စစ်အာဏာရှင်စနစ်တစ်ခုလုံး အမြစ်မပြတ် နိုင်သေးတာ ကျမတို့  တတွေရဲ့ ဇွဲ လုံးလ ၀ီရိယ အားနည်း နေသေးလို့ ပါ ပိုပြီး အရေးတကြီးလိုအပ် နေတဲ့စည်းလုံး မှုအဓိက နည်းလို့ ပါ ကျမလည်းတာဝန်မကြေပါဘူး။ ကျဆုံးသွားသူတွေအတွက်နှစ်လည်လာတိုင်းပူဆွေး ငိုကြွေးတရားတွေ ဟောပေးနေပေမဲ့ လက်တွေ့ မှာ ကိုယ်အတ္တ တွေမလျော့ကြဘူးဆိုတာကိုယ်တိုင်ကိုယ်ကျသိကြမှာပါပဲ ။။ နှစ်နှစ်ဆယ်လည်.ပြည့်လာတာကိုက ရှက်ဖို့ ကောင်းနေပါပြီ ။စစ်အုပ်စုမည်မျှပင်ခေါင်းမာစေကာမူ - မိမိတို့ အင်အားတွေ အမှန်တကယ်တောင့်တင်းခိုင်မာလျှင် ပွဲပြတ်မည်မှာ သေချာပါတယ်။။ရှစ်လေးလုံးကမွေးဖွါးပေးတဲ့ကျမအနေနဲ့ ပြောရရင် စစ်အာဏာရှင် မကျဆုံးမချင်းစစ်အုပ်စု ကို တိုက်ထုတ်နိုင်မည့် မည်သည့်မူမဆို မည်သည့်နည်းလမ်းမဆို ပူးပေါင်းပါဝင်သွားမှာဖြစ်တဲ့အကြောင်း ရှစ်လေးလုံး နှစ်နှစ်ဆယ်ပြည့် အမှတ်တရ --အနေနဲ့ တင်ပြလိုက်ပါတယ်။။
ကိုဌေးဝင်း
နိုင်ငံရေးအကျဉ်းသားဟောင်း၊(နည်းပြ။ ကွန်ပြူတာတက္ကသိုလ် မြန်မာစာဌာန )
ကျနော်တို့ ကိုယ်တိုင်ဘ၀များစွာကို စတေးလျှက် နှလုံးသွေးဖြင့်ရေးထိုးခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည်အခမ်းနားဆုံေးသာ
သမိုင်းဝင်နေ့ များစွာထဲက အကြီးကျယ်ဆုံးသောရာဇ၀င်သစ်ကိုရေးထိုးခဲ့သည့်နေ့ တနေ့ ဖြစ်ပေသည်၊ ရှစ်လေးလုံးသည်
သမိုင်းသစ်များစွာကိုသယ်ဆောင်လာသကဲ့သို့ တော်လှန်သောမျိုးဆက်သစ်များကိုလည်း မွေးဖွါးပေးခဲ့သည်၊
မြန်မာပြည်နယ်စပ်တလျှောက်နှင့် စစ်အစိုးရ၏အကျဉ်းစခန်းများ သည်တော်လှန်သောမျိုးဆက်သစ်များ၏
အကောင်းဆုံး တက္ကသိုလ်ကြီးများဖြစ်ကြပေသည်၊အရက်စက်ဆုံး သောစစ်အာဏာရှင်များကိုရင်ဆိုင်စီးချင်းထိုးနိုင်ရန်
ကြီးမားသောနှလုံးသားများကိုပိုင်ဆိုင်သည့် ထိုမျိုးဆက်သည် စစ်အစိုးရကမည်သို့ မျှချေမှုန်းနိုင်စွမ်းမရှိသောအကောင်းဆုံး
တိုက်ပွဲဝင်သူရဲကောင်း များအဖြစ်ပေါ်ထွန်းလာခဲ့ကြသည်၊တိုင်းပြည်တပြည် လူမျိုးတမျိုးအောင်ပွဲသည်တဦးကောင်း
တယောက်ကောင်းဖြင့်တည်ဆောက်လို့ ရသောအရာများမဟုတ်ကြ၊မတူညီကွဲပြားခြားနားသောသူများဖြင့်အတူတကွလက်တွဲကာ
မတူသောအရာများကို အတူတကွတည်ဆောက်နိုင်မှသာ အနှစ်သာရရှိသောအောင်မြင်မှုအစစ်ရရှိနိုင်မည်ဖြစ်သောကြောင့်
ယင်းသို့ သော အခြေအနေအခင်းအကျင်းမျိုးကိုကျွန်တော်တို့ဖြစ်မြောက်အောင်ဆက်လက်ကြိုးစား အားထုတ်နေရဦးမည်သာဖြစ်သည်၊
လွန်ခဲ့သော အနှစ်၂၀ကာလက လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆိုသော စကားပုံအတိုင်းအလွာစုံဒေသစုံမှပါဝင်ဆင်နွဲခဲ့သော
ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ရာဇ၀င်သစ်သမိုင်းသစ်ကို ရဲဝံ့ပြောင်မြောက်စွာ ရေးထိုးခဲ့ကြသော သူရဲကောင်းအပေါင်းကို
ယနေ့ ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံအနှစ်၂၀ပြည့်ကာလတွင် အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်၊
မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ (http://bppu.blogspot.com) မှ ကူးယူ တင်ပြသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment