Wednesday, December 23, 2009

မပြောချင်ပေမဲ့ပြောနေရတဲ့သတင်းစာဆရာကြီး

မကြာမှီရက်ပိုင်းလေးအတွင်းမှာ ဂျာနယ်သတင်းသမားလေးတွေနဲ့ ပတ်သက်ပြီး မကြားချင်တဲ့ သတင်းစကားနှစ်ခုကြားသိခဲ့ရလို့ စိတ်မကောင်းဖြစ်လိုက်ရတယ်။ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်လေးတွေပဲဆိုပြီး လျစ်လျူရှုနေလိုက်ချင်ပေမယ့် ကျင့်ဝတ်နဲ့ သိက္ခာဆိုင်ရာကိစ္စဖြစ်လို့ မပြောချင်ပေမယ့် ပြောရပါဦးတော့မယ်။

ထပ်ရေးဖို့လိုနေသေးတာကြောင့်

နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက်အတွင်း ရေးခဲ့သမျှစာတွေရဲ့ သုံးပုံတစ်ပုံလောက်သာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်တာတွေဖြစ်လို့ အပ်ကြောင်းထပ်သလိုတောင် ဖြစ်နေပါပြီ။
ဒါပေမယ့် ဘယ်လောက်ပဲရေးရေး ထပ်ရေးဖို့လိုနေသေးတာပဲ စိတ်မကောင်းစွာတွေ့နေရတာကြောင့် ရေးလိုက်ရပြန်ပါတယ်။ ရိုးရိုးစာဖတ်ပရိသတ်များ သည်းခံဖတ်ပါလို့ တောင်းပန်ပါတယ်။ ဒီနေ့ စာနယ်ဇင်းလောကမှာ ၀င်ရောက်လုပ်ကိုင်လာကြသူအများစုဟာ လူငယ်လုံမယ်လေးတွေ ဖြစ်ကြတယ်။
ဒါပေမယ့် ကလေးတွေတော့ မဟုတ်ကြဘူး။ လုပ်ငန်းခွင်နယ်ပယ်ထဲ ရောက်နေကြပြီဖြစ်တယ်။ လုပ်ငန်းခွင်ဆိုတာတောင် သာမန်အသက်မွေးဝမ်းကျောင်းပြု အလုပ်မျိုး ရိုးရိုးမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ အရေးပါဆုံးမဏ္ဍိုင်ကြီးလေးခုထဲက စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ခံထားရတဲ့ သတင်းမီဒီယာလုပ်ငန်းကြီး ဖြစ်တယ်။ အသက်ဘယ်လောက်ငယ်ငယ် သတင်းမီဒီယာသမားရယ်လို့ လုပ်ကတည်းက စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ သဘောထားပြီး ပြုမူနေထိုင်လုပ်ကိုင်ရမှာပဲ ဖြစ်တယ်။

အများပြည်သူအမြင်မှာ မလောက်လေးမလောက်စား လူငယ်လေးအဖြစ် မမြင်စေဘဲ သတင်းမီဒီယာသမားအဖြစ်ပဲ မြင်စေရမှာ ဖြစ်တယ်။ ဒီလိုမြင်ဖို့ ကိုယ်ကလုပ်ရပ်နဲ့ သက်သေပြဖို့ လိုပါတယ်။
ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ဆိုတာက ပိုက်ဆံပေးပြီးဝယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ်ဖန်တီးယူလို့လည်း ရတာမဟုတ်ဘူး။ ကျင့်ဝတ်ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာဘယ်လောက်ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ်ကြတာဖြစ်တယ်။ ကိုယ့်ဟာကိုယ်သတ်မှတ်လို့ ရတာမျိုးမဟုတ်ဘူး။ ရိုသေထိုက်တာလုပ်ရင် ရိုသေမှာပဲ . . .

ရိုသေထိုက်တာလုပ်ရင် ရိုသေတယ်

ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ်ဖန်တီးယူလို့လည်း ရတာမဟုတ်ဘူး။ ကျင့်ဝတ်ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာဘယ်လောက်ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ်ကြတာဖြစ်တယ်။

ကိုယ့်ဟာကိုယ်သတ်မှတ်လို့ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာလုပ်ရင် ရိုသေမှာပဲ။ ရိုသေထိုက်တာမလုပ်ရင် မရိုသေပါဘူး။

အခွင့်ထူးခံလိုင်စင်မဟုတ်ဘူး
စာနယ်ဇင်းသမားနဲ့ ဆိုင်တာပဲ ပြောပါမယ်။ လူတစ်ယောက်ကို အထင်ကြီးတယ်။ အထင်သေးတယ်ဆိုတာ အဓိကအားဖြင့် အဲဒီလူရဲ့လုပ်ရပ်ကို ကြည့်ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ကိုယ်က ဘာတံဆိပ်ပဲ တပ်ထားထား လုပ်ရပ်က အထင်အမြင်သေးစရာ ဖြစ်နေရင် လူတွေက အထင်သေးမှာပဲ။ တချို့က တံဆိပ်တစ်ခုတပ်ထားရတာကို အခွင့်ထူးခံစားခွင့် လိုင်စင်ရသလို အောက်မေ့ပြီး နေရာတကာလူတွင်ကျယ် လုပ်ချင်တတ်ကြတယ်။ တံဆိပ်ဆိုတာ တပ်ထားသူရဲ့ အလုပ်အကိုင်သက်သေခံအမှတ်အသားတစ်ခုထက် ဘာမှမပိုဘူး။ ဒါကြောင့် တံဆိပ်ပြပြီးဘာ အခွင့်အရေးမှ ပိုပြီးရခွင့်မရှိပါဘူး။ စာနယ်ဇင်းသမားတံဆိပ် ဒါမှမဟုတ် ကတ်ပြားဆိုပါစို့။ ဒီတံဆိပ်၊ ကတ်ပြားတပ်ထားရုံနဲ့ လူတကာမရတဲ့ အခွင့်ထူးရရမယ်လို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ လူတကာသွားလာဝင်ထွက်ခွင့်ရှိတဲ့ နေရာမျိုးမှာ ဒီတံဆိပ်တပ်ထားလို့ဆိုပြီး ဘယ်သူကမှ တားဆီးပိတ်ပင်ခွင့်လည်း မရှိပါဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်က 'သတင်းသမားဖိတ်စာလိုမလို'ဆိုတဲ့ ကိစ္စအငြင်းပွားခဲ့ကြတာ မှတ်မိကြဦးမှာပါ။ သတင်းသမား သတင်းလိုက်တာ သတင်းယူတာကို တရားဥပဒေနဲ့ ကန့်သတ်တားဆီးလုပ်ထားတာမဟုတ်ရင် ဘယ်သူမှ တားဆီးပိတ်ပင်ခွင့် မရှိပါဘူး။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းနေဖို့လည်း မလိုပါဘူး။ ဖိတ်စာလည်းမလိုပါဘူး။

ဒါပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့ အိမ်ဝင်းထဲမှာပြုလုပ်တဲ့ အခမ်းအနားပွဲလမ်းသဘင်တစ်ခုခုဆိုရင်တော့ ဖိတ်ကြားမခံရဘဲနဲ့ ၀င်ရောက်ခြင်းမပြုသင့်ပါဘူး။

ဒီကိစ္စက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ အများပြည်သူလူထုအတွက် အရေးပါတဲ့သတင်းမျိုး မဟုတ်ပါဘူး။ သတင်းအကြောင်းပြချက်နဲ့ သူတစ်ပါးရဲ့ အိမ်ပိုင်နက်အတွင်း မဖိတ်ခေါ်ဘဲဝင်ရောက်ခွင့် မရှိပါဘူး။ ဒါကို သတိပြုသင့်ပါတယ်။

တံစိုးလက်ဆောင်
စာနယ်ဇင်းသမားဆိုတာ ဘယ်လိုတံစိုးလက်ဆောင်မျိုးကိုမှ လက်မခံရပါဘူး။ စီးပွားရေးသမားရဲ့ ခါးပိုက်ဆောင်လက်ကိုင်တုတ်အဖြစ် မခံရသလို နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ ခါးပိုက်ဆောင် လက်ကိုင်တုတ်လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားမှန်ရင် ဘယ်သူ့ 'ကျေးဇူးကြွေး'မှ အတင်မခံသင့်ဘူး။ အကြွေးဆိုတာတင်မိရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမြဲဖြစ်တယ်။ ပြန်မဆပ်ရတောင် မျက်နှာကိုတော့ငဲ့ကြည့်ရမှာ သေချာတယ်။ စာနယ်ဇင်းသမားဆိုတာ စာဖတ်ပရိသတ်ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ ကြည့်လို့ မဖြစ်ပါဘူး။ ကျေးဇူးကြောင့် ငဲ့ကွက်ရတယ်ဆိုရင် စာနယ်ဇင်းအာပတ်သင့်ပါတယ်။

သူများတွေကိုကြည့်

လက်ဆောင်ကိုလက်ရှောင်ဖို့အကြောင်းရေးခဲ့တဲ့ အကြိမ်တွေ မနည်းတော့ပါဘူး။ အပ်ကြောင်းထပ်သလိုတောင် ဖြစ်နေပါပြီ။ ရိုးရိုးစာဖတ်ပရိသတ်များကို အားတောင်နာပါတယ်။ ဒါပေမယ့်စာနယ်ဇင်းလောထဲ အသစ်အသစ်ဝင်ရောက်လာတဲ့ လူငယ်တွေက နေ့စဉ်လိုရှိနေကြပြီး ရေးခဲ့တဲ့စာတွေကိုလည်း ဖတ်ဖူးတွေ့ဖူးကြပုံ မပေါ်တာကြောင့် မကြာခဏထပ်ထပ်ပြီး ရေးနေရတာပါ။ အခုလည်း ကြည့်ပါဦး၊ လူပုံအလယ်မှာ ပေးသူကပေး၊ ယူသူကလည်းယူ လုပ်နေကြတာဆိုတော့ ဒီလုပ်ရပ်ဟာ မှားတယ်လို့တောင် သဘောထားကြပုံမရပါဘူး။ တော်တော်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ထပ်ရေးရပြန်ပါတယ်။ ကိုယ့်အတ္တနောမတိကို မရေးတော့ပါဘူး။ အမေရိကန်နိုင်ငံက The Des Moine Register ဆိုတဲ့ သာမန်သတင်းစာလေးတစ်စောင်က သူ့တိုက်တွင်းစည်းကမ်းအဖြစ် ချမှတ်ထားတဲ့ ကျင့်ဝတ်များကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီနမူနာ ဖော်ပြချက်ကလည်း အရင်က ရေးပြီးသားပါ။ လိုအပ်ပြန်လို့ ထပ်ပြီးဖော်ပြလိုက်ရတာပါ။

ဖတ်ပြီးသူများခွင့်လွှတ်ကြပါတော့။

* ကျွန်ုပ်တို့သတင်းစာ၏ သတင်းကိစ္စဆောင်ရွက်ရင်း ထမင်းစားပွဲများ၊ အခြားဧည့်ခံပွဲများ တက်ရောက်ရသည့်အခါတွင် ကိုယ့်စားစရိတ်ကို ကိုယ့်ဟာကိုယ် ပေးရမည်။ ချက်ချင်းပေးခွင့်မကြုံလျှင် နောက်တစ်ချိန်ချိန်၌ ပေးဖြစ်အောင်ပြန်ပေးရမည်။
* နိုင်ငံရေးဟောပြောပွဲများအတွက်ဖြစ်စေ၊ အားကစားအသင်းအဖွဲ့များနှင့်ဖြစ်စေ၊ အတူလိုက်ပါ ခရီးသွားရသည့်အခါမျိုးတွင်လည်း ကိုယ့်စရိတ်ကိုယ်ပေးပြီး လိုက်ပါရမည်။
* မည်သည့်ဝန်ထမ်းမှ မည်သို့သော အခမဲ့လက်မှတ်၊ မေတ္တာလက်ဆောင်လက်မှတ်မျိုးကိုမှ လက်မခံရ။
* သတင်းစာတိုက်ဝန်ထမ်းများသည် မည်သည့်ပြင်ပလုပ်ငန်းများ၊ အသင်းအဖွဲ့များတွင်မှ ဒါရိုက်တာအဖွဲ့ဝင် စသည့် ရာထူးတာဝန်များယူပြီး ယင်းလုပ်ငန်းများအတွက် သတင်းဆောင်းပါးရေးပေးရသည့် တာဝန်များကို မယူရ။

ကဲ အဲဒီကျင့်ဝတ်တွေနဲ့သာ ချိန်ထိုးကြည့်ကြပါတော့ခင်ဗျာ။
http://www.first-11.com/ဂျာနယ်


လူထုစိန်ဝင်း

No comments: