Tuesday, October 28, 2008

စာဖတ်ခြင်း ဘ၀ဖတ်ခြင်းနှင့် ပျားရည် ပင်လယ်ကြီးမှောက်ကျခြင်း

(စကြာဝဠာ ကြီးသည် စာအုပ်ကြီး တအုပ် ဘ၀သည်ကျောင်းကြီး တကျောင်း )ဟု တရုတ် အမျိုးသား
စာရေးဆရာ လင်ယုတန် ကဆိုပါသည်။ စာအုပ်ကိုဖတ်သလို ဘ၀ကို ဖတ်ရန်လည်းသူကတိုက်တွန်း
ပါသည်။ စာဖတ်ခြင်းကို ခုန်မင် မြတ်နိုးသော ကျနော်သည် ထို အဆိုကို ထောက်ခံရန် ၀န်မလေးပါ။

စာအုပ်ကောင်းတအုပ်သည် ရွှေရောင်ကောက်နှံများ မှည့်ဝင်း ရွန်းငိုက်နေသော စပါးခင်းကြီးနှင့်တုပါ
သည်။ စာရေးဆရာသည်သူ၏နှလုံးသည်းပွတ်မှ သွေးများကို မြေဆီသြဇာ အဖြစ် ညှစ်ထုတ်အံချကာ
ကောက်ပင်တို့ ကိုသီးပွင့်အောင်မြင်စေခဲ့ခြင်းဖြစ်ပါသည်။(အလိုရှိသူအပေါင်းရိတ်သိမ်းကြကုန်လော့)
ဟူ၍ ပံသကူ ဒါနပြုခြင်းဖြစ်ပါသည်။ သူ၏ ဒါနသည် ဘ၀ထဲက ပျားရည်တစက်သာ ဖြစ်ပါသည်။

သို့ သော် အလိုရှိသူအပေါင်းအလိုရှိသလောက် စား သုံးနိုင်သောပျားရည်တစက်လည်း ဖြစ်ပါသည်။
စာအုပ်ကောင်း တအုပ် သည် ပျားတစက်ဖြစ်လျှင် ဘ၀ ထဲတွင် ပျားရည် ပင်လယ်ကြီး ရှိကြောင်း
ကျနော်တို့ သိနိုင်ပါ သည်။

စာဖတ်သူသည် ကောက်ရိတ်သိမ်းသူနှင့်တူပါသည်။ ရိတ်သိမ်း နိုင်သလောက်သာ ရပါသည်။ သိမ်း ၊
နှယ်၊ လှေ့ ၊ ထောင်း၊ပြာတည်းခြင်း ဖြစ်သာအသက်ဓါတ်ဝတ်ဆံကိုရပါသည်။စပါးခင်းကိုမြင်းတပြေး
ကြည့်သူအဖို့ ကောက် ရိုးတမျှင် ဖွဲကြမ်းတဆုပ်ပင် ရနိုင်မည်မဟုတ်ပါ။

ဘ၀မှာ မူ စာတအုပ်ထက် ပို၍ ကျယ်ဝန်းနက်ရှိုင်းပါသည်။ ဘ၀သည် စာတအုပ်လို ဘာသာစကား
အက္ခရာ ဝေါဟာ ရများဖြင့် တန်ဆာဆင်ထားခြင်းမဟုတ်ပါ။ လူသားတို့ ၏ ရှုတ်ထွေးပွေလီလှသော
လှုပ်ရှား ရုန်းကန်မှု ပုံရိပ်များဖြင့် ခင်းကျင်း ထားခြင်းဖြစ်ပါသည်။ ဘ၀ကို ဖတ် ရန်မှာ အတော်ပင်
ခက်ခဲပင်ပန်းသော အလုပ် တခုဖြစ်ပါသည်။ ဘ၀ ထဲမှ ပျားရည် တစက်ကို ယူပေးနိုင်သော စာရေး
ဆရာများ ရှားပါးရခြင်းမှာ ထိုအကြောင့်ကြောင့်ဖြစ်ပါသည်။

သားအိမ်တွင်းမှ သန္ဓေသားငယ်သည် မိခင်၏ မျက်နှာနှင့် အပြုံးကို မတွေမြင်နိုင်သကဲ့သို့ အတ္တ ဥခွံ
တွင်း ပိတ်မိနေ သော မည်သူမဆို ဘ၀၏ အနက်အရှိုင်း အကျယ် အပြော အလှ အပ ရသကို ခံစား
နိုင်ရန် ခက်ပါသည်။ အတ္တဥခွံထဲ မှ နာကြင်စွာ ဖောက် ထွက်၍ အတိတ်၏ အကူအညီဖြင့် ပစ္စုပ္ပန်၏
ပုခုံးပေါ် တက်ရပ် နိုင်သူများသာ ဝေးဝေးမြင်၍ နက်နက် ကြည့်နိုင်ကြပါသည်။

စာဖတ်ခြင်းသည် ပြခန်းထဲ၌ခန့် ညားစွာခင်းကျင်းထားသော ပုလဲနက်ကိုယ်ဝန်ဆောင် မုတ်ကောင်
ကို ကြည့်ရ သည်နှင့်တူပါသည်။ ဘ၀ကို ဖက် ရခြင်းကမူ ပင်လယ်ရေအောက် ကြမ်းပြင် အထိ
ကိုယ်တိုင်ငုတ်၍ မုတ်ကောင် ကိုယ်ဝန်သည်ကို ရှာရခြင်းမျိုး်ဖြစ်ပါသည်။ ဘ၀ကိုပါးလျပ်လျပ် ပင့်ကူ
မြှင်းလိုသဘောထားသူတို့ ကမူ လောက၏ အပေါ်ယံ ရေမျက်နှာပြင်အထက်တွင် ကူးခတ်ကျက်စား
ရခြင်းကို ပျော်ပါးနှစ်သက်ပါသည်။အသင့်ပြင်ပြီးထမင်း ၀ိုင်းတွင် ၀င်ထိုင်ခိုင်းခြင်း၊သင်ကြားထားပြီး
သားစကားလုံးဟောင်းများကို ဖန်တရာတေအောင် ရွတ်ဆိုပြောပြနိုင် ခြင်းတို့ အတွက် ဂုဏ်ယူဝင့်
ကြွားတတ်ကြပါသည်။ သင်ပေးပါ က ကြက်တူးနှင့် သာလိကာလည်း ပြစ်ပြစ်နှစ်နှစ် ဆဲရေးတတ်ပါ
သည်။ အစစ် အမှန်နှင့် အတုယောင် ခွဲခြားတတ်ရန် သင်ကြားပေးရိုံမျှနှင့် မရပါ။ ဓူဝံကြယ်ကိုကြည့်
၍ မြောက်အရပ်သို့ ကိုယ်တိုင်ခရီး နှင်ခြင်းမျိုးဖြင့်သာ တတ်မြောက်နိုင်ပါသည်။

ဘ၀အတွင်း၌ အစစ်အမှန်နှင့် အတုအယောင်တို့ အပြိုင် တည်ရှိပါသည်။ အတုအယောင်၏ တည်ရှိမှု
ကို ဦးစွာအသိအမှတ် ပြုခြင်းဖြင့်သာ အစစ်အမှန်သည် သူ၏ စစ်မှန်မှုကို ပြသနိုင်ပါသည်။ကမ္ဘာဂြိုလ်
နှင့် နေလ ကြယ်တာ ရာတို့ ကို နေရာပေးခြင်းဖြင့် ဟင်းလင်းပြင်သည် သူ၏ ဟင်းလင်းပြင်ဖြစ်မှုကို
ပြသနိုင်သလိုမျိုးဖြစ်ပါသည်။

ဘ၀ ဆိုသည်မှာ လူသားချင်း အကြား ၊လူသား နှင့် မိခင် သဘာဝ ကြီးအကြား ပေးခြင်းနှင့် ယူခြင်း
အချိုး ညီမှုဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပါသည်။ အချိုးညီမှု ပျက်ပြားခြင်း ကြီးမားလာပါက သဘာဝ
ကပ်ဘေး လူမှုကပ်ဘေးများ ပေါ်ပါသည်။ စစ်မက် ထူပြောပါသည်။ တော်လှန်ရေးများ မုန်တိုင်းထန်
ပါသည်။ယနေ့ ခေတ်တွင် လူအချို့ သည် (လူ့ အချို့ လက်တွင်နိုင်ငံရေးအာဏာ အရင်းစစ် အင်အား
ခေတ်မှီ နည်းပညာများရှိသည် ) ရယူခြင်းကိုသာ တပ်မက်ပြီး ပေးကမ်းခြင်းကိုမူ တွန့် တို တတ်ကြပါ
သည်။ အများဆုံး ယူ၍ အနည်းဆုံးကိုသာ ပေးတတ်ကြပါသည်။ ထိုအနည်းဆုံးပေး ကမ်းမှု သည်ပင်
သူတို့ ၏ မဟာစွန့် လွှတ်မှုကြီးဖြစ်ပါသည်။

ခေတ်သစ်ကမ္ဘာကြီးတွင် အများဆုံးယူ၍အနည်းဆုံးပေးကမ်းခြင်း ယဉ်ကျေးမှု( တကယ်က မိုက်မဲမှု)
ခေတ်စား လျှက်ရှိပါသည်။

ကျနော်တို့ လူသားများသည် မိမိကိုယ်ကို ရှိသည်ထက်ပို၍ အထင်ကြီးနေကြပါသည်။ မိခင်သဘာဝကြီး
နှင့် အပြီး အပိုင် ချက်ကြိုးဖြတ်ကာအကြွင်းမဲ့လွတ်လပ်သူများအဖြစ် ယူဆနေကြဟန် ရှိပါသည်။စင်စစ်
လူသည် တစိတ် တပိုင်းအားဖြင့် သဘာဝဖြစ်ပြီး အခြားတစိတ်တပိုင်းမှာ သဘာဝနှင့်သူ့ ကိုယ်သူ တစုံ
တရာ သိနိုင်စွမ်း ရှိ ပါသည်။ သဘာဝနှင့် သူ့ ကိုယ်သူ သိနိုင်ခြင်း သည် သဘာဝထံမှ အများဆုံး ယူ၍
သဘာဝထံ အနည်းဆုံးပြန်ပေးရန် မဟုတ် ပါ ။ လူ့ အဖွဲ့ အစည်းထံမှ အများဆုံးယူ၍ လူ့ အဖွဲ့  အစည်း
ထံ အနည်းဆုံးပြန်ပေးရန် မဟုတ်ပါ။ လူသားခြင်းအကြား လူသားနှင့်သဘာဝကြီးအကြား ပေးခြင်းနှင့်
ယူခြင်းကို အချိုးညီအောင်ဆောင်ရွက်ရန်သာဖြစ် ပါသည်။ အသံသာသော ကဗျာ ကာရန်ဖြင့် ဆင်ယင်
ထုံးဖွဲ့ ရန်ဖြစ်ပါသည်။ သဘာဝ တရားကို အိမ်ပေါ်မှ မောင်းချ ဖို့ ကြိုးစား လျှင် ကိုယ် ကိုယ် တိုင်
အိမ်နောက်ဖေး ပေါက်က ဆင်းပြေးမည့်အဖြစ်ကို မေ့လျော့နေတတ်ကြပါသည်။

ဤကမ္ဘာမြေပြင်၌ ပေးခြ င်းနှင့်ယူခြင်း အချိုးညီမှု ကို ကျနော်တို့ လူသားလောက် မည်သည့်အရာကမှ
ဖျက်ဆီးပစ် ခြင်းမရှိဟု ကျနော်ထင်ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး)၀ါဒအရ ကျနော်တို့ သည် ကမ္ဘာစစ်ကြီး နှစ်ပွဲကို ခင်းကျင်းခဲ့ကြပါသည်။
အနုမြူ လူ သတ်ဗုံးများကို ဖောက်ခွဲခဲ့ကြပါသည်။ဒေသစစ် ပွဲ မျိုးစေ့များကို ကမ္ဘာမြေအနှံ ပက်ကြဲခဲ့ကြ
ပါသည်။ရေမြေအနှံ စစ်ကစားရန် နေရာယူထားကြပါသည်။အာကာသ စိုးမိုရေး စစ်ဗျူဟာကို ခင်းကျင်း
လျှက် ရှိပါသည်။ လူမျိုးရေး အသားအရောင် ခွဲခြားမှုများအစုလိုက်အပြုံလိုက် မျိုးတုန်းသတ်ဖြတ်မှုများ
ဘာသာရေး နိုင်ငံရေး စစ်ပွဲများဖြင့် သွေးချောင်းစီးစေခဲ့ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ ကျနော်တို့ သည် ကမ္ဘာ အနှံ သစ်တောများကို ကျောက်ခမန်း
လိလိ ခုတ်လှဲပစ်နေကြပါသည်။ ပင်လယ်ကြမ်းပြင်ကို ပိုက်စိပ်တိုက်ကာ အသေးမွားဆုံး ပင်လယ်ငါးနုပ်
မှသည် အကြီးမား ဆုံးဝေလ ငါးကြီးများအထိ မျိုးတုံးလုနီးပါး ဖမ်းဆီးစားသောက်ပစ်ခဲ့ကြပါသည်။

သဘာဝ တောရိုင်း တိရစ္ဆာန်များကို အပြင်းပြေ အပျော်တမ်း လက်တည့်စမ်း အမဲလိုက်ခဲကြပါသည်။
မြေမိခင်၏ ရင်ကို သံမဏိတံကျင် လျှို၍ ကိုယ်ငွေ့ နှင့်သွေးဖြစ်သော ရေနံ ဓါတ်ငွေ့ များကို စုပ်ထုတ်
သုံးဖြုံန်းပစ်ကြ ပါသည်။ မြေ၀မ်းဗိုက် ယမ်းဘီလူးဖြင့် အသားအနီလှန်အောင် ဖောက်ခွဲ ကာ ၀မ်းတွင်း
သား သယံဇာတမှန်သမျှကို ထုတ်ယူခဲ့ကြပါသည်။သားသတ်သမားကသားကောင်ကို တစစီ အမဲဖျက်
သလို ကမ္ဘာကြီးကို အမဲဖျက်နေကြပါ သည်။ မိခင် ကို သတ် ၍ ပြာချကာ မသေဆေး ဖော် လိုသော
မှော်ဆရာရှုးတသိုက်နှင့် တူလှပါသည်။

(အများဆုံး ယူ အနည်းဆုံးပေး)၀ါဒ အရစာသင်ခန်းများတွင် ရုပ်ပိုင်းနည်းပညာများကိုသာ ဦးစားပေး
သင်ကြားပြီးတွေးခေါ်မှုဆိုင်ရာဝိဇ္ဖာပညာကို အိပ်မွေ့ ချထားကြပါသည်။(အများဆုံးယူအနည်းဆုံးပေး)
အတွေးအခေါ်ကိုသာ လောကတန်ဖိုးအဖြစ် ရိုက်သွင်းပေးကြပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ စားသုံးသူ လူ့ အဖွဲ့ အစည်း ဟူ၍လည်းကောင်း ဈေးကွက်
ဒီမိုကရေစီကို ဆောင်ကြဉ်းပေးသည် ဟူ၍လည်းကောင်း ၀ါဒဖြန့် ကြော်ညာနေကြပါသည်။ဈေးကွက်
သည် ငွေကြေးကြွယ်ဝသူ ဇောတိက များကိုသာ ကောဇောနီခင်းပြီး ယဉ်ကျေးပျူငှာ ကြိုဆိုပါသည်။

ငွေကြေး ချို့ တဲ့သူများကိုမူ ခွေးလေ ခွေးလွင့်လို မောင်းထုတ်တတ်ပါသည်။ ဈေးကွက် က ပေးသော
ဒီမိုကရေစီဆိုသည်မှာ ဆင်းရဲသားများအတွက် အော်တို ကရေစီ(AUTOCRACY)သာဖြစ်ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒအရ ထုတ်လုပ်ရေ နောက်ခံနှင့် ငွေဈေး ခင်းကြီးများကို ကမ္ဘာအနှံ
ခင်းကျင်းထား ကြပါသည်။ ငွေကို ငွေနှင့် ၀ယ်၍ငွေကို ငွေနှင့်ရောင်းချနေကြပါသည်။ငွေသည် ဖလှယ်
ရေးကရိ ယာသာ မကတော့ဘဲ ဈေးကွက်ဝင် ရောင်းကုန် ပစ္စည်းဖြစ်လာ သော အခါ လူ့ အဖွဲ့ အစည်း
သည် အသပြာဘီလူး ကြီးများ၏ လက်တွင်းမှ သားကောင်သဖွယ် ဖြစ်လာပါတော့သည်။

(အများဆုံးယူ အနည်းဆုံးပေး)၀ါဒသည် လူသားချင်းအကြားလူသားနှင့်သဘာဝမိခင်အကြားပေးခြင်း
နှင့်ယူခြင်း အချိုးညီမျှ မှုကို ဖျက်ဆီးပစ်သော ရာဇ၀တ်ကောင် တရားခံဟု ကျနော်ထင်ပါသည်။ ထိုသို့ 
အချိုး ညီမျှိမှုကို ဖျက်ဆီး ခံရခြင်းကြောင့် ကမ္ဘာ့ အိုဇုံး လွှာပေါက်ပြဲခြင်း ကမ္ဘာကြီးပိုမို ပူနွေး လာခြင်း
ပင်လယ်ရေမျက်နှာပြင် တစတစ် မြင့်တက် လာခြင်း မိုးခေါင်ရေကြီးခြင်းမြေပြိုခြင်းအပူလှိုင်းအအေး
လှိုင်းကျခြင်းသဘာဝပတ်ဝန်းကျင်ညစ်ညမ်း အဆိပ်သင့်ခြင်းဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်း
အလုပ်လက်မဲ လူဦးရေးတိုးလာခြင်း လူ့ အဖွဲ့ အစည်း၏ ဥစ္စာ ဓနများ လက်တဆုပ်စာ လူစုလက်တွင်း
သို့ စုပုံသွားခြင်း နိုင်ငံမဲ့လူသား (ကမ္ဘာမဲ့လူသား)ဟုလည်းခေါ်နိုင်ပါ သည် များတိုးများလာခြင်း အစာ
ရေစာ ငတ်မွတ်ခေါင်းပါးခြင်း အကြမ်းဖက်ဝါဒ ထွန်းကားလာခြင်း အေအိုင်ဒီအက် ကဲ့သို့ သော ကုထုံး
မဲ့ ရောဂါဆန်းများ ကမ္ဘာ အနှံဖြစ်ပွားလာခြင်း စသည့် သဘာဝကပ်ဘေး လူ မှုဘ၀ကပ်ဘေးများ ဖြစ်
ပေါ်လာပါသည်။

ဤလိုခေတ်ကြီးကိုနည်ပညာများ အံ့မခန်း ပေါက်ကွဲတိုးတက်နေသောခေတ်ကြီးဟု ၀ိဂြိုဟ်ပြုနေကြ
ပါသည်။ မှန် ပါသည် ကျနော် မငြင်းပါ သို့ သော် တွေးခေါ်မှု ၀ိဇ္ဖာ အသိပညာ အံ့မခန်း ဆုတ်ယုတ်
ကျဆင်းနေသော ခေတ်ကြီး ဟု ကင်ပွန်းတပ်လျှင်လည်း မှားသည်ဟု မပြောနိုင်ပါ။

ယခု ကျနော်စွဲချက်တင်နေသည်မှာ မြေကို အမေလိုချစ်သော လယ်ကွင်းထဲမှ လယ်သမားကို မဟုတ်
ပါ။ စက်ရုံ အ လုပ်ရုံများ အတွင်း ပျားများလို မနေမနား အလုပ်လုပ် နေကြသော အလုပ် သမား ကို
အဟုတ်ပါ။ လိပ်ပြာများ ၀တ်မှုံကူးသလို အသိပညာ ပန်းဝတ်မှုံကို ကူး လူး ဖြန့် ဝေနေကြသော အသိ
ပညာရှင် အတတ်ပညာရှင် များကို မဟုတ်ပါ။ ထိုလူများသည် ( အနည်းဆုံး ယူ၍ အများဆုံးပေး )
နေကြရှာသူများသာဖြစ်ပါသည်။

ကျနော်စွဲချက်တင်နေသည်မှာ မိခင်မြေ၏ သဘာဝ သယံဇာတ များနှင့် လူ့ အဖွဲ့ အစည်း၏ အထွက်
ပစ္စည်းများကို အများဆုံးရယူပြီး လူ့ အဖွဲ့ အစည်းနှင့်သဘာဝလောကကြီးသို့ အနည်းဆုံး ပြန်ပေးနေ
သော လူနည်းစုကိုသာ ဖြစ်ပါ သည်။

ထိုလူနည်းစုကြောင့်ကျနော်တို့ လူသားများအားလုံးဘာတစ်ခုမှမရဘဲ အကုန်လုံးပေးဆပ်လိုက်ရမည့်
အဖြစ်ကို ကာ ကျနော် ဘယ်နည်းနှင့်မျှ မလိုလားနိုင်ပါ။ စာအုပ်ကောင်းတစ်အုပ် လက်လွှတ်ဆုံးရှုံးခြင်း
သည် ပျားရည်တစက် ဖိတ်စင်ခြင်းဖြစ်ပါသည်။

လူ့ အဖွဲ့ အစည်းကြီး တခုလုံး ဆုံးရှုံးခြင်းကာမူ ပျားရည်ပင်လယ်ကြီးမှောက်ကျသွားခြင်း ဖြစ်ပါသည်။

မြတ်နိုး


(အနည်းဆုံးယူ၍အများဆုံးပေးနိုင်သူများဖြစ်ကြပါစေ)
မေအိခင်

1 comment:

Anonymous said...

တစ်ကယ်ကောင်းတဲ့ စာတစ်ပုဒ်ပါပဲ
ခေတ်ကြီး စနစ်ကြီးတွေနဲ့လည်း
လိုက်လျောညီထွေ ဖြစ်နေတော့ ခေတ်စနစ်ကိုထင်
ဟတ်စေတဲ့ စာတစ်ပုဒ် အဖြင့် လက်ခံ နိုင်ပါတယ်
မမေရေ..