မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပြည်သူက တရားဝင် ရွေးကောက်
တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တဲ့အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အရည်အချင်း
မပြည့်မီတဲ့အတွက်ကမ္ဘာ့ကုလသမဂ္ဂရှိ စစ်အစိုးရရဲ့မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်
နေရာကို ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (မြန်မာနိုင်ငံ)
မှ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေက လက်မှတ်ရေးထိုးပြီး
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံကို ၂၀၀၈ ခုနှစ် စက်တင်ဘာ
၈ ရက်နေ့က တင်ပြလိုက်ကြောင်း သတင်းရရှိပါတယ်။ ဒီ လုပ်ငန်းတွေကို လုပ်ကိုင်သူ
ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ဖြစ်ပါတယ်။
အခု လုပ်ရပ်ဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေး
သမိုင်းတလျောက် ပထမဦးဆုံးလုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘန်ကီမွန်းအနေနဲ့ အခု တင်ပြချက်ကို လက်ခံလိုက်မယ်ဆိုရင် ကုလသမဂ္ဂ အထွေထွေ
ညီလာခံကို တာဝန်ခံရတဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Credentials -
Committee မှာ စုံစမ်း စစ်ဆေးဖို့ လွှဲပြောင်း ပေးအပ်မှာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး စိန်ခေါ်လိုက်တဲ့ အဖွဲ့အစည်းထဲမှာ
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ပါဝင်ခြင်း မရှိတာကို သတိ
ထားမိကြမှာ ဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ညွန့်ပေါင်းအစိုးရ
အနေနဲ့လုံခြုံရေးကောင်စီမှာ တင်ပြ လုပ်ကိုင်မယ့် မြန်မာ့အရေးကိစ္စများမှာ ပိုမို
အာရုံစိုက်လိုတဲ့အတွက် စစ်အစိုးရရဲ့ တရားဝင်မှုအား စိန်ခေါ်ခြင်း လုပ်ငန်းစဉ်ကို
ထောက်ခံပေမယ့် ပါဝင်ခြင်း မရှိတာ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုကြပါတယ်။
ဒီ လုပ်ငန်းတွေကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီအနေနဲ့ လုပ်ငန်း
အဖွဲ့တခု ဖွဲ့စည်းကာ လုပ်ကိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
အဖွဲ့ (မြန်မာနိုင်ငံ) ကတော့ အမြဲတမ်း ကိုယ်စားလှယ် တဦး ခန့်အပ်ကာ ဆောင်ရွက်
မှာ ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းစဉ်တခုလုံးကို ဦးဆောင် လုပ်ကိုင်သူကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ
အမျိုးသားကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ဖြစ်ပါတယ်။
ဦးမောင်မောင်ဟာ ရတနာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတလျောက် လူ့အခွင့်အရေး
ချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး အမေရိကန် ရေနံကုမ္ပဏီဖြစ်တဲ့ ယူနိုကယ်လ်ကို
တရားစွဲခဲ့သူ ဖြစ်သလို မြန်မာစစ်အစိုးရရဲ့ အဓမ္မ လုပ်အားပေးစေခိုင်းမှုများနဲ့
ပတ်သက်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်မှာ ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။
ဒီကနေ့ စတင်လိုက်တဲ့ စစ်အစိုးရရဲ့ တရားဝင်မှုအား စိန်ခေါ်လိုက်မှုနဲ့ ပတ်သက်ပြီး
ပိုမိုသိရှိနိုင်ဖို့အတွက် ဘားမားတူဒေးအနေနဲ့ ဦးမောင်မောင်ကို အောက်ပါအတိုင်း
ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။
ပထမဆုံး မေးမြန်းဖြစ်တာကတော့ အခုလို ဆောင်ရွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
ဖြစ်လာနိုင်တဲ့ ကုလသမဂ္ဂက တုံ့ပြန်ချက်တွေ ဖြစ်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့ တင်ပြလိုတာက Credentials Committee ကို မရောက်
ခင်မှာ (ကုလ အထွေထွေ အတွင်းရေးမှူးချုပ်) ဘန်ကီမွန်း ရုံးခန်းကို ရောက်နေပြီ။
ဘန်ကီမွန်းရုံးခန်းမှာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်သလား၊မပြည့်သလား
ဆန်းစစ်မှာကိုး။
အဲဒီမှာ အရည်အချင်း ပြည့်မီတယ်ဆိုရင် Credentials Committee ကို ရောက်
သွားမှာပေါ့။ အရည်အချင်း မပြည့်မီဘူး၊ ပယ်လိုက်မယ်ဆိုရင်လည်း အပယ်ခံရမယ့်
အနေအထားတော့ ရှိမှာပေါ့ နော်။ ဒါက အရင်ဆုံး ကျွန်တော်တို့ တွေ့ရမယ့်
ကိစ္စဖြစ်တယ်။ အဲဒီကနေမှတဆင့် Credentials Committee ကို ရောက်သွား
နိုင်တယ်။ ရောက်သွားတဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ကန့်ကွက်တဲ့သူ ရှိသလို
ထောက်ခံတဲ့သူ ရှိမှာပါပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်တဲ့နေ့ စက်တင်ဘာ
၁၆ ရက်နေ့မှ ကော်မတီဖွဲ့မှာဆိုတော့ ဖွဲ့တော့မှပဲ ဘယ်နိုင်ငံတွေ ပါမယ်ဆိုတာ
သိမယ်။အဲဒီအခါကျမှ ကျွန်တော်တို့ကို ထောက်ခံတဲ့နိုင်ငံတွေ များရင်တော့
အဆင်ပြေမှာပေါ့နော်။ ထောက်ခံတဲ့ နိုင်ငံတွေ မများရင်တော့ ကျွန်တော်တို့
အပယ်ခံရမှာ ပေါ့။ အဲဒီ အနေအထားတွေ ရှိပါတယ် ခင်ဗျ။
ဘန်ကီမွန်းရုံးခန်းကို တင်လိုက်တဲ့အခါကျတော့ ဘယ်လိုမျိုး ဖြစ်လာနိုင်မယ်လို့
ခန့်မှန်းပါသလဲ ခင်ဗျ။
ကျွန်တော်တော့ ခန့်မှန်းချက်တော့ မပြောတတ်ဘူး။ ဥပဒေကြောင်းရာအရ လိုအပ်
တဲ့ သတ်မှတ်ချက်တွေပြည့်စုံအောင်ကျွန်တော်တို့ လုပ်ထားတယ်။အဲဒီမှာအားနည်း
တာတခုကတော့ စင်ပြိုင်အစိုးရကနေ လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စမှာ အားနည်း
တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ထိုးတဲ့အနေအထားကနေ
တင်ပြထားတယ်။ အဲဒီမှာ အားနည်းချက်တခု ရှိတယ်။ဘန်ကီမွန်းရုံးခန်းကနေ
ဘယ်လို သုံးသပ်မယ်ဆိုတာ ကျွန်တော်တို့ ပြောလို့တော့ မရသေးပါဘူး ခင်ဗျ။
တကယ်လို့ပေါ့နော်။ ဘန်ကီမွန်းရုံးခန်းကနေပြီး ဦးမောင်မောင်တို့ တင်ပြတဲ့ကိစ္စကို
ပယ်ချလိုက်မယ်၊ ဆိုင်းငံ့လိုက်မယ်ဆိုရင် ဘယ်လိုမျိုး ဆက်ပြီး လုပ်ကိုင်ဖို့ ရှိပါသေး
သလဲ ခင်ဗျ။
သူတို့ ပယ်ချလိုက်တာက ပယ်ပိုင်ခွင့် ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ကလည်း
အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်တွေ ပါတဲ့အခါ ကျတော့ သူတို့ ပယ်ချလိုက်တာနဲ့
ပြီးသွားမှာ မဟုတ်ဘဲ ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေသည် ဘာကြောင့်
တင်ခွင့်ရှိတယ် ဆိုတာကို ပြန်ပြီးတော့ ငြင်းဆိုဖို့ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိပါတယ်
ခင်ဗျ။
နောက်တခုကလည်းပေါ့ နော်။ တချို့နိုင်ငံတွေ စဉ်းစားတာက - အစိုးရတခုကို တရား
မ၀င်ဘူးလို့ စိန်ခေါ်လိုက်တဲ့အခါကျတော့ ကမ္ဘာ့အရေး အခင်းအကျင်းမှာ ပါလက်စတိုင်း
တို့၊ အာရပ်နိုင်ငံတွေတို့က အစ္စရေးနိုင်ငံကို ပယ်ချမယ်ဆိုရင် -ဆိုပြီးတော့စဉ်းစားချက်
တွေ ရှိပါတယ် ခင်ဗျ။ အဲဒီလို စဉ်းစားချက်တွေနဲ့ ပတ်သက်ပြီး ဦးမောင်မောင်အနေနဲ့
ဘယ်လို ပြောချင်ပါသလဲ။
ဒီ ကိစ္စက ကျွန်တော် နည်းနည်း ရှင်းပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စက
နိုင်ငံတခုက နိုင်ငံတခုကို အထွေထွေညီလာခံမှာ ပြောကြတဲ့ ကိစ္စ၊ ကျွန်တော်တို့
အခု လုပ်ကိုင်တာက ယှဉ်ပြိုင်ပြီး တင်သွင်းတဲ့ ကိစ္စကို လုပ်တာ ဖြစ်တယ်။ အစ္စရေး
နိုင်ငံမှာ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ စင်ပြိုင်အစိုးရ မရှိပါဘူး။ ကျွန်တော်တို့မှာ
အားသာချက်က ကျွန်တော်တို့မှာ ၁၉၉၀ရွေးကောက်ပွဲရလဒ် ရှိတယ်။ ဒါကို
အသိအမှတ်မပြုဘဲ န၀တက ငြင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ကအစ္စရေးလိုအနေအထားမျိုး မရောက်ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ အပြည့်အ၀ ပုံဖော်ပေးပါလို့ ၂၀၀၃ ခုနှစ်
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောထားတာ ရှိပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့က
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်လည်း လိုက်နာတယ်။ ကျွန်တော်ကိုက စင်ပြိုင်အနေနဲ့
တင်မှာဆိုတော့ အခုနက ဘားမားတူဒေးက ပြောတဲ့ အနေအထားမျိုးကို မရောက်ပါဘူး
လို့ ကျွန်တော် ပြောချင်ပါတယ် ခင်ဗျ။
ဦးမောင်မောင်တို့ အခု တင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံတွေထဲမှာလည်း
မတူညီတဲ့ အမြင်လေးတွေ ရှိနေတယ်။ စစ်အစိုးရ ကလည်း အင်နဲ့အားနဲ့ ခုခံလာနိုင်တာ
တွေ ရှိတယ်။ တကယ်လို့ ၂၀၀၈ ခုနှစ်မှာ အဆင်မပြေခဲ့ရင် နောက်နှစ်တွေမှာ ဘာတွေ
ဆက်လုပ်ဖို့ ရှိပါသလဲ ခင်ဗျ။
ဒီ Credentials Challenge လုပ်တယ်ဆိုတာ နှစ်များစွာ လုပ်ရတဲ့ အလုပ်တခု ဖြစ်တယ်။
တနှစ်ထဲနဲ့တော့အောင်သွားတာမတွေ့ဖူးသေးဘူး ခင်ဗျ။ အနည်းဆုံး ၁၇ နှစ်ကနေ
၂၂ နှစ်အထိ ကြာတာတွေ တွေ့ရတယ်။ တရုပ်နိုင်ငံဆိုရင် ထိုင်ဝမ်နိုင်ငံကို ဖယ်ရှားမယ့်
ကိစ္စမှာ နှစ်ရှည် လများ လုပ်ရတာ တွေ့ရတယ်။ ကျွန်တော်တို့က ဒီနှစ်တနှစ်ထဲ အောင်
ပါမယ်လို့ မပြောခဲ့ပါဘူး၊ ကျွန်တော်တို့ ကြိုးစားမယ်၊ လုပ်သင့်တဲ့ အလုပ် တခုကို
လုပ်မယ်လို့ ပြောပြီး လုပ်သင့်တဲ့အလုပ်တခုကို လုပ်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ တခု ပြောချင်ပါတယ်။ ဥပမာ ပေါ့နော် - ကျွန်တော်တို့ န၀တကို အပြည်ပြည်
ဆိုင်ရာ ဥပဒေအရ လုပ်ဆောင်တဲ့ကိစ္စ နှစ်ခု ရှိပါတယ်။ ရက်တိုတိုနဲ့ မပြီးပါဘူး။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်မှာ အဓမ္မလုပ်အားပေးမှုနဲ့ ပတ်သက်
လို့ န၀တကို အရေးယူ ဆောင်ရွက်တဲ့နေရာမှာ ၁၉၉၂ ခုနှစ်က စတင် လုပ်ကိုင်တာ
သက္ကရာဇ် ၂၀၀၀ မှ ပုံပေါ်လာတယ်။ အိုင်အယ်လ်အို ရုံး ရောက်လာတာ ၂၀၀၃ ခုနှစ်မှ
ဖြစ်တယ်။ ထို့အတူ ယူနိုကယ်လ်ကိုလည်း ၁၉၉၂ ခုနှစ်မှာ စ ကြိုးစားတယ်။
၁၉၉၆ ခုနှစ်မှာ တရားစွဲဖြစ်တယ်။ ၂၀၀၅ မှာ လာပြီး ကြေအေးဖို့ ပြောတယ်ဆိုတော့
ဒီကိစ္စတွေဟာ ချက်ခြင်း မပြီးဘူးဆိုတာ နားလည်တယ်၊စိတ်ရှည်လက်ရှည်နဲ့ အစဉ်
တစိုက် လုပ်သွားရမယ် ဆိုတာ အားလုံးကို တင်ပြချင်ပါတယ် ခင်ဗျ။
စစ်အစိုးရက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၇ ရက်နေ့) ကလည်း သတင်းစာရှင်း
လင်းပွဲ လုပ်ခဲ့တယ်။ ဦးမောင်မောင်တို့ဆိုရင် အမြဲတမ်း စွတ်စွဲ ခံရသူတွေပေါ့နော်။ အခု
စစ်အစိုးရရဲ့ တရားဝင်မှုကို စိန်ခေါ်တဲ့ကိစ္စမှာလည်း စစ်အစိုးရက တစုံတခု ပြောလာမယ်
်ဆိုရင် ဘယ်လို ပြန်လည် ပြောချင်ပါသလဲ ခင်ဗျ။
ကျွန်တော်တို့ကတော့ န၀တ ထက် စာရင် ပြည်သူကို ပြောချင်တာက - ၁၉၉၀ ရွေး
ကောက်ပွဲရလဒ်ကို စစ်အစိုးရက ငြင်းပယ်ထားတယ်ဆိုတဲ့ ကိစ္စကတော့ အဖြေပေါ်
မယ်။ စိတ်ရှည်ဖို့ လိုမယ်။ အစဉ်တစိုက် အဆက်မပြတ် လုပ်ရမယ့် ကိစ္စ ဖြစ်တယ်။
လုပ်နေတဲ့ကိစ္စတွေထဲမှာလည်း ကုလသမဂ္ဂကို အားမရတဲ့ ကိစ္စ၊ မစ္စတာဂမ်ဘာရီကို
အားမရတဲ့ ကိစ္စတွေထဲမှာ ကျွန်တော်တို့က အားဖြည့်ပေးတာပါ။ ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းတွေကို ပိုပြီး အာရုံစိုက်လာအောင် လုပ်တဲ့ကိစ္စ ဖြစ်တယ်။
အထူးသဖြင့် န၀တကို ပြောချင်တာကတော့ သူတို့ဟာ ဘယ်လိုပဲ ပြည်တွင်းမှာ
လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေ ကျင့်နေ၊ အပြည်ပြည် ဆိုင်ရာကို တန်းဝင်
ချင်ရင်တော့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရလိမ့်မယ်။
ဒီ အဖြေကလည်း
အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ကိုင်တာဖြစ်တဲ့
အတွက် ဒီ အဖြေကို နအဖ ရင်ဆိုင်ရမှာပါ လို့ ပြောချင်တယ်။
ညွန့်ပေါင်းအစိုးရကလည်း လုံခြုံရေးကောင်စီမှာ လုပ်ကိုင်နေတာရှိတယ်။
ဦးမောင်မောင်တို့လည်း အခုလို လုပ်နေတာတွေ ရှိတယ်။ ဒီ လုပ်ရပ်တွေဟာ
မစ္စတာ ဂမ်ဘာရီတို့၊ ဘန်ကီမွန်းတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဇောင်းပေး
ထားတဲ့ လမ်းကြောင်းကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်ပါမလဲ ခင်ဗျ။
ကျွန်တော်တို့ရဲ့ သဘောထားထဲမှာ န၀တရဲ့ လမ်းပြမြေပုံအဆင့်ဆင့်ကို လက်မခံဘူး
ဆိုတာ ရှိတယ်။ ဒီလို တင်သွင်းခြင်းဟာ န၀တရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်
လို့ န၀တဟာ အစိုးရတရပ်ရဲ့ တရားဝင်မှုနဲ့ မညီညွတ်ဘူးဆိုတာ ကုလသမဂ္ဂမှာ မီး
မောင်းထိုးပြတာ ဖြစ်တယ်။
ဒါမှသာ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့က သိက္ခာမရှိတဲ့ အစိုးရတခုက
ပြုလုပ်တဲ့ ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာ တင်ပြနိုင်ဖို့အတွက် အခုကတည်းက
ကြိုတင်ပြီးတော့ လုပ်ငန်း ပုံဖော်ခြင်း ဖြစ်ပါတယ် ခင်ဗျား။
အခု တင်ပြခဲ့တာကတော့ မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုကို စိန်ခေါ်လိုက်တဲ့
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီနဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ အဖွဲ့ (မြန်မာနိုင်ငံ) ရဲ့ လုပ်ငန်းတွေအကြောင်းကို
အမျိုးသားကောင်စီရဲ့အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား မေးမြန်း
ထားတာတွေ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment