(ကိုခွန်ဆိုင်း ၏ ရေးသားတင်ပြမှု )
မေလရဲ့နာဂစ် အလောင်းသိန်းသောင်းတွေပေါ်နင်းပြီး နအဖက တိုင်းပြည်စစ်ကျွန်ပြုရေးဖွဲ့စည်းပုံကိုအဲဒီမေလထဲမှာတင် ပြောစမှတ်ဖြစ်ကျန်ရစ်လောက်အောင် မအောင့်နိုင်မစောင့်နိုင် မရှက်နိုင်မကြောက်နိုင် အနိုင်ကျင့် အတည်ပြုလိုက်ကြတာ။ ၉၂ရာနှုန်းထောက်ခံတယ်လို့ အံ့ဘွယ်ပြောင်ပြောင်စာရင်းတွေပြလိုက်ကြတာ။
ခုတော့ သူ့လူတွေ ရွေးကောက်ပွဲဝင်ဘို့ ပြင်ကြတော့လို့အချက်ပြနေပါပြီ။ ဒီတခါထူးထူးခြားခြား ကိုယ်ဘက်ကစလို့ ဂန်ဘာရီကိုဖိတ်ရတာက သူ့အကျိုးစီးပွား နအဖမှာ သိတ်ပြောချင်နေတဲ့စကားတွေရှိတယ်။
ပြောမယ့်စကားအနှစ်ချုပ်က ကျွန်တော်တို့ လမ်းပြမြေပုံ(၇)ဆင့်ချ-မနေမနား လုပ်လာတာ အခု အဆင့်၎ဖြစ်တဲ့ ဖွဲ့စည်းပုံအတည်ပြု ပြီးသွားပြီခင်ဗျ။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီးရင် ဘယ်သူနိုင်နိုင် အနိုင်ရပါတီကို စနစ်တကျအာဏာ လွှဲပေးမှာပါ။ NLD အပါအ၀င် အတိုက်အခံတွေအားလုံးပါဝင်ယှဉ်ပြိုင်ကြဘို့ ခွင့်ပြုထားပါတယ်။ ဖိတ်ခေါ်ထားပါတယ်။(ကျုပ်တို့သဘောထားကြီးပါတယ်ပေါ့) ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေလည်း လက်နက်စွန့်ပြီး ( လက်နက်မချခိုင်းပါဘူး) ပါတီထောင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြပါတယ်ပေါ့။
မုန်တိုင်းဒဏ်ခံပြည်သူတွေအတွက်လည်း ကျွန်တော်တို့က စနစ်တကျပန့်ပိုး နိုင်ငံတကာအကူအညီတွေလည်းထိထိရောက်ရောက်ကူညီစေပြီးပါပြီပေါ့။ ဒါပေမယ့် ငွေတွေတော့ထပ်လိုနေပါသေးတယ်ခင်ဗျ။ကူပါဦးပေါ့။
ဒါတွေအဓိကထားပြောဘို့ခေါ်တာပါ။
အော်-ဒေါ်အောင်ဆန်းစုကြည်နဲ့ရဟန်းသံဃာတွေကျောင်းသားခေါင်းဆောင်တွေ ဆိုတာလား။အတိုက်အခံတွေလွှတ်ပေးဘို့ဆိုတာလား။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အားလုံးကိုတယောက်မကျန်အသေအချာလွှတ်ပေးမှာပါ။ခုတော့စိစစ်တုန်းပါ။
ခြင်းထဲအားလုံးထည့်ပြီးသွားပြီ။၁၄နှစ်တောင်ကြာသွားတယ်။ တချို့တွေတော့အရပ်သားခြင်းရိုက်သတ်ခိုင်း။ တချို့တွေတော့ထောင်တွေထဲထည့်ထားရတာ ။ သိတ်မများပါဘူး။နှစ်၂၀ထဲပါ။ ဒီလောက်ပါ။ တရားမ၀င်ဝင်အောင်လုပ်ရတာဆိုတော့ နဲနဲတော့အရုပ်ဆိုးတာပေါ့။ ၂၀၁၀မှာ စစ်တပ်ထဲဆက်နေဘို့အရွယ်ရှိသေးသူတွေကတော့ ဆက်နေ။မြဲမယ့်အာဏာထဲမှာဒါကအသေချာဆုံး။စစ်တပ်မှာမလိုလို့အိုလို့မှပယ်ခံရတော့မယ့်စစ်သားတွေက်တော့ ပါတီတခုဖွဲ့တော့ပေါ့။ ခက်တာက ခုလိုနေ့စားခပေးပြီးဒိုင်နာကားတွေနဲ့ လိုက်ခေါ်တင်မှလူစုလို့ရတဲ့ဝါးရင်းတုတ်တရမ်းရမ်းလူတွေနဲ့ လူရိုသေရှင်ရိုသေပါတီတခုထောင်ဖို့ မလွယ်တာ ၊ လူတွေကြားစည်းရုံးရေးဆင်းဖို့ခက်တာ သူတို့သိတယ်။ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ။ သမ္မတလူကြမ်းနဲ့ ဘနဖူးသိုက်တူးပါတီမျိုးတွေဘဲဖြစ်လာမှာ။ ရုပ်ပြကောင်းအောင်မြို့မိမြို့ဖ ဆိုတာတွေ ခေါင်းအငှါး ရှာကြမယ်ဆိုပြန်တော့ သိက္ခာသမာဓိနဲ့ တသက်လုံးနေလာတဲ့လူကြီးလူကောင်းစစ်စစ်တွေကပတ်သက်ချင်မှာမဟုတ်ဘူး၊ ဝေးဝေးဘဲနေခဲ့ကြတာကလား။ နိုင်ငံရေးအာဏာကို စီးပွါးတွက် တွက်တဲ့ ခါတော်မှီသူဌေး တချို့လောက်ဘဲကြံ့ဖွတ်လေလည်တာကိုဝမ်းသာမှာ။စည်းရုံးလို့ရမှာ။ ဒါလည်း ပြည်တွင်းဖြစ်ကိုအားပေးပါဆိုတဲ့စကားလုံးသက်သက်တန်ဆာဆင်မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝသောဒီမိုကရေစီပါတီအတွက် အရေးပေါ်မူဝါဒတို့လုပ်ငန်းလမ်းစဉ်တို့ ဆိုတာတွေကို ခေတ်သစ်နိုင်ငံရေးသိပ္ပံကျောင်းတော်သားဆိုတာတွေဆီ သွားရေးခိုင်းပြီးမှ အဲဒီ ခါတော်မှီအမတ်လောင်းတွေကိုကျက်ခိုင်းရဦးမှာ။
ဒါပေမယ့် စိတ်ပူစရာတော့မရှိပါဘူး။ ခြင်းထဲကြက်တွေဆိုတော့လည်းအတောင်မခတ်နိုင်အောက်အီးမတွန်နိုင်ပါဘူး၊ ခြင်းကြားက တခါတခါခေါင်းထွက်တာလောက်။အချင်းချင်းတကောင်ခေါင်းတကောင် ဆိတ်တာလောက် လုပ်နိုင်တော့မှာပါ။သမဂ္ဂတွေအသင်းအပင်းတွေဖွဲ့ဖို့ခေါင်းထွက်ပြောလာရင်လား။ ကိုယ့်ဘက်မှာ တည်ဆဲဥပဒေတွေရှိတာဘဲ။အဲဒီနှုတ်သီးကပ်ကျေးနဲ့ညှပ်ပေးလိုက်။ တောင်ပံကြား
လက်ဝါးစောင်းတင်ပေးလိုက်။ဒါမှမရရင်ထိတ်အလေးနဲ့ထုထည့်လိုက်။ဒါနဲ့ဆက်သွယ်ရေးဝန်ကြီးဦးအောင်ကြည်ကိုတောင် မေ့နေတယ်။ နှိုးပြီးအိမ်ပြန်ပို့လိုက်ကြတော့လေ။ ဂန်ဘာရီလာလို့ အလိုက်ကန်းဆိုးမသိ တောင်မေး မြောက်မေး မေးနေဦးမယ်။သရုပ်ဆောင် အရေးပေါ်ခန့်လိုက်ရတာ တော်တော်ပင်ပန်းသွားပြီ။
……………………။။။။။။။။။။။။။……………….။။။။။။။။။။ ……………….
NLDရွေးကောက်ပွဲမ၀င်တော့ဘူးဆိုတာတော့အတော်ဝမ်းသာဂုဏ်ယူစရာဆုံးဖြတ်ချက်။ ဒါ၁၉၉၀လူထုဆန္ဒအစစ်ကိုလေးစားပြလိုက်တာဘဲ။ပါတီဖျက်ခံရမှာလား။မပူပါနဲ့။ ဘာသာ၊ သာသနာကိုစောင့်တာဝိနည်းအဘိဓမ္မာဆိုရင် တကယ့်လူထုပါတီကိုစောင့်ရှောက်တဲ့အသက်က ဒီမိုကရေစီဝိဉာဉ်လို့ပြောလိုက်။ ဒီမိုကရေစီဝိဉာဉ်လူထုကြားရှင်သန်နေသရွေ့ လူထုကိုအချိန်မရွေးနှိုးလို့ရပါတယ်။လိပ်ပြာလုံလုံခေါ်လို့ရတယ်။လူစုလို့ရတယ်။ခေါ်တဲ့နေရာကိုကိုယ့်ထမင်းကိုယ်စားချီတက်လာကြလိမ့်မယ်။
အဲဒီဝိဉာဉ်သေသွား ရင်တော့လူထုကိုမခေါ်နဲ့တော့။အယောင်အချောင်သမားတွေသာဒိုင်နာကားနဲ့ခေါ်၊နေ့စားခနဲ့ခေါ် အရက်တိုက်ခေါ်၊လူစုလို့ရတော့မယ်။ဗမာ့နိုင်ငံရေးမှာ ပါတီမရှိလည်းလုပ်တတ်တဲ့လူတွေလုပ်လို့ ခေတ်ပြောင်းသွားတာတွေ့ခဲ့ကြမို့လား။နှစ်၂၀စုထားတဲ့ အထုထောင်းခံ မီးပြင်းတိုက်ခံ လေမိုးဒဏ်ခံအင်အားစုကြီးကဂုဏ်သိက္ခာရှိရှိလူထုကြားမှာပုံစံမျိုးစုံနဲ့ဆက်ရှိနေတယ်။ လူထု ဘက်ကရပ်အကျိုးမဆောင်နိုင်ပဲနဲ့တော့ဘာနံမည်ခံပြီးလိမ်လိမ်။လူထုကိုလိမ်လို့မရဘူး။လူထုကမအူဘူး။မနဘူး။စစ်အာဏာရှင်ကိုမကြိုက်၊ဆန့်ကျင်ပါတယ်ဆိုပြီးပါတီထောင်ရွေးကောက်ပွဲဝင် နိုင်ငံရေးလုပ်၊ဒီနှစ်၂၀အတွင်းတယောက်မှအဖမ်းမခံရဘူးဆိုတဲ့အဲဒီပါတီမျိုးကို လူထုက ယုံမယ်ပုံမယ်ထင်လား။
ပြဿနာနဲနဲရှိတာက တတိယအင်အားစုဆိုတာတွေ။တချိန်က စစ်အာဏာရှင်ဖြုတ်ချရေးလုပ်ခဲ့တဲ့နေရာမှာတချို့လည်းဦးဆောင်ခဲ့။ ဦးသန့်ဘုန်းမော်စတဲ့ အရေးတွေမှာပါခဲ့ကြတာဘဲ။နောက်တော့ရွေးကောက်ပွဲကတပ်အလှန်ရဲမွန်ကအပြန်လမ်းတွေမှာ ဓါတ်တွေပျက်ပြီးကိုယ့်တပ်ကိုယ်ပြန်နင်းလူထုကိုဒုက္ခတွင်းကထုတ်ရမယ့်အစား သမင်နဲ့ကျား တခြံထဲထားလို့ရပါတယ်။ဒီမိုကရေစီနဲ့အာဏာရှင်ကြားပါးပါးလေးပါ။ရောသမမွှေလို့ရပါတယ် လုပ်ကြတယ်။ ခုသူတို့ စဉ်းစားနေရတဲ့အချိုးအကွေ့က စစ်တပ်ကြောထောက်နောက်ခံပြု ပါတီကိုဝင်ရမှာလား။ ကြံ့ဖွတ်နဲ့ပေါင်းရမှာလား။တသီးပုဂ္ဂလရပ်မယ်ဆို လူထုကဘယ်အားကိုးပါ့မလဲ။ NLD နဲ့၈၈မျိုးဆက်တွေကို သစ္စာဖေါက်ပြီးတသီးပုဂ္ဂလ နာမည်ခံခဲ့ကြတာ ခုတော့ နအဖနဲ့ NLD ၊ ဒီမိုကရေစီနဲ့ အာဏာရှင်တွေကြားမှာ တတိယအင်အားတွေဖြစ်လာမလား။တသီးပုဂ္ဂလနတ်အိုးကွဲတွေဘ၀နဲ့ လူထုယုံကြည်ထောက်ခံမှု ရဦးမလားဆိုတာဘဲ။
ဗိုလ်မှူးအောင်လင်းထွဋ္ဋ်ဟာတချိန်က နအဖအတွင်းစည်းထဲကလူ ဒီမိုကရေစီရဲ့ အတိုက်အခံ ရန်သူတဦးလို့ပြောလို့ရပါတယ်။ ဒါပေမယ့် နာဂစ်ပြီးတဲ့အခါ နအဖလုပ်ပုံကိုင်ပုံတွေ ကြည့်သူစိတ်ပြောင်းပြီး အာဏာရှင်တွေကို ရွံမုန်းတာတွေဖြစ်လာတယ်တဲ့။သူတတ်နိုင်တဲ့နည်းနဲ့ အာဏာရှင်တွေကိုပုံဖေါ်ဘို့ဆန့်ကျင်ချေဖျက်ဘို့ကြိုးစားပါတယ်။ဒီနေ့ ဒီမိုကရေစီရေးမှာ မိတ်ဆွေကောင်းဖြစ်ဘို့သူကြိုးစားရပ်တည်စွမ်းဆောင်လာတာတွေကို ကျွန်တော်တို့ အသိအမှတ်ပြုရပါတယ်။ကျွန်တော်တို့ နားလည်မှုနဲ့လက်ကမ်းကြိုပါတယ်။
ဂန်ဘာရီက ခရီးစဉ်အလည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပန်ကြားလွှာကို သယ်သွားပေးပြီး စင်္ကာပူသတင်းစာရှင်းလင်းပွဲကနေဝေချလိုက်တဲ့အခါတုန်းက နအဖဒေါပွပြီး ဂန်ဘာရီဆိုတဲ့လူ-သံတမန်ကျင့်ဝတ်ဖေါက်တယ်။ကုလသမဂ္ဂကလည်း နိုင်ငံကြီးတွေဘက်က လိုက်နေတယ်။ အတိုက်အခံတွေဘက်ကပင်းနေပါတယ်လို့ ဒေါနဲ့ မောနဲ့ ပြောခဲ့တာတွေ။ ဂန်ဘာရီထပ်လာဘို့လုပ်တာကိုဂန်ဘာရီမလာနဲ့တော့လို့မပြောရုံတမယ် နေ့ရွေ့ညရွေ့ လုပ်နေခဲ့တာပူပူနွေးနွေးကြီးရှိတုန်းအားလုံးအသိ။
နောက်ကုလကအချိုးပြင်ပြီး အတိုက်အခံတွေလွှတ်ပါ။ အားလုံးပါကြမှဖြစ်မယ်။မြင်သာထင်သာလုပ်ပါဆိုတဲ့လေတွေဖျောက် ကိုယ့်စကားကိုယ်မြို အောက်ကျို့ဝင်ပြီး၊ခင်ဗျားတို့မြေပုံမြန်မြန်တူး၊လုပ်ငန်းစဉ်တွေ မြန်မြန်ပြီးအောင်လုပ်လို့လည်း ဆိုလိုက်ရော အချိုးက ပြောင်းသွား ပြန်တယ်။ ကုလသမဂ္ဂခင်မျာ သူကပြစရာအခန်းကဏ္ဍတောင်မရှိတော့သလိုဖြစ်နေလို့ ငြိမ်နေတဲ့အချိန်ကျမှ တကူးတကဖိတ်တယ်ဖြစ်ပြန်တယ်။ နအဖ သူလုပ်ချင်တာလုပ်ပြီးပြီ ဆိုတော့ ပုဏ္ဏတိုင်ထူဘို့လိုလာပြီလေ၊ ဒီတခါ ကုလသမဂ္ဂကို သူအသုံးချရင် ဖြစ်နိုင်လောက်တယ်လို့ သူတွက်သကိုး။
၁၉၅၈ကတည်းက ကရင်အမျိုးသားတွေအတွက် KNU ကို ၀င်ခဲ့တဲ့ တော်လှန်ရေးသမား ဒုဗိုလ်မှူးကြီးစောဂေထူးဟာမကြာခင်ကနအဖဖက်ကမ်းကိုကူးပြီးကရင်အမျိုးသားတွေရဲ့ပြဿနာ အဖြေထွက်မလားသွားရှာကြည့်တယ်။ နောက်အဖြေမထွက်နိုင်လောက်ဘူး မယုံကြည်လေက်ဘူးလို့ ခံစားရလို့ မနေ့ တနေ့က KNU ဘက်ကမ်း ပြန်ကူးလာတဲ့အခါ သူ့ တိုက်ဖေါ်တိုက်ဘက်တွေက မေတ္တာ မပျက်ကြိုဆိုတာ ကြားရလို့ ပီတိဖြစ်မိတယ်။
ရဲတွေ ထောင်ကျတဲ့အခါ ထောင်ထဲမှာ သူတို့ဟာသနားဘို့ကောင်းနေတတ်ပြီး သူတို့အတွက်အသက်အန္တရာယ်လည်းအရမ်းကြီးနေတတ်တယ်။ထောင်ကျဆောင်မှာပို့လိုက်လို့ လူဆိုးတွေနဲ့ တူတူသွားနေရတဲ့အခါ လူဆိုးတွေကသူတို့ကို နှိပ်စက်ခဲ့ဘူးတဲ့ရဲတွေဆိုပြီး ညကျတော့စောင်အုပ်ပြီးဝိုင်းကန်ကြထိုးကြိတ်ကြလုပ်တယ်။
ဒဏ်ရာတွေနဲ့ကွဲပြဲ ဖူးဖူးယောင်ပြီးတိုက်ထဲရောက်ရောက်လာတာတွေ မကြာမကြာ တွေ့ခဲ့ရဖူးတယ်။ ဒုက္ခပေးနှိပ်စက်ခဲ့တဲ့ပြစ်မှုအကုသိုလ်အလိုက်သူတို့ကသားကောင်တွေပြန်ဖြစ်။ သူတို့ကို သတ်ဖို့ချောင်းတာတခါပြန်ခံကြရတာ။ ဒီလိုပြန်အနိုင်ကျင့်တာခံရတာ တွေ့တော့ အော် ၀ဋ္ဋ်ဆိုတာဒါလားလို့တွေးမိဖူးတယ်။ ရဲတွေမကြာခဏအသတ်ခံရတတ်လို့ နောက်ဆို လူဆိုးတွေရှိတဲ့အဆောင်တွေမှာမထားရဲတော့ပဲ ကျဉ်းကျဉ်းကြပ်ကြပ် ၅ညတွေရှိတဲ့တိုက်တွေမှာ လာထည့်ထားတယ်။ ဒီမှာလည်းဒုက္ခကမသေးဘူး။ စိတ်ကျဉ်းကြပ်ရတဲ့အထဲ တိုက်က ၅ညတွေကတရားဟောသေးတယ်။ပုလိပ်ကျင့်ပုလိပ်ကြံမပျောက်ရင်တော့ မျက်နှာသာမပေးဘူး။ လူထုကိုဒုက္ခပေးတဲ့ပြစ်မှုတွေ တသီတတန်းထထရွတ်တော့ ရဲတွေစိတ်ညစ်တယ်။ နောက်တော့ မှော်ဘီတိုက်ကြီးဘက်မှာရဲတွေအတွက်သီးသန့်ရဲဘက်စခန်းဆိုတာ သက်သက်ထွင်ပေးရတယ်။ ရဲတွေထောင်ကျ လာတာနဲ့မြန်မြန်ထောင်ပြင်ထုတ်ပြီး အဲဒီသီးသန့်ရဲဘက်စခန်းကိုပို့တယ်။
ခုဆို ဖြုတ်ထုတ်ရှင်းခံထားရတဲ့ထောက်လှမ်းရေးတွေ ထောင်တွေထဲမှာ ထားရတာ တော်တော်ခက်သတဲ့။ အဆောင်မှာလည်းမထားရဲ။ တိုက်တွေမှာလည်း သဟဇာတမဖြစ်နဲ့ ထောက်လှမ်းရေးရဲဘက်စခန်းဆိုတာလည်း ဘယ်ထွင်ရဲမှာလဲ။ နအဖဒုက္ခများတယ်။ သီးသန့် နေရာတွေရှာရတာထောင်ထဲမှာတော်တော်ခက်။ဒီနေ့ဗမာပြည်ကြီးကထောင်ပါဘဲ။ ဘုရားပွဲလေး တောင် ဘယ်မှာလွတ်လွတ်လပ်လပ်ကျင်းပခွင့်ရလို့လဲ။အထက်အမိန့်ခံရတာကလား။
အာဖရိကမှာဇင်ဘာဘွေသမတ မူဂါဘီဆိုတာ တချိန်ကလူဖြူမြေတွေသိမ်း မြေယာ ဝေခြမ်းရေးတွေဇွတ်လုပ်ပြီးတိုင်းပြည်မှာတော်တော်လူကြိုက်များခဲ့ဘူးတာပါ့။ နှစ်တွေကြာ အာဏာတွေရူးသွားတော့ ဒီနေ့ ဗိုလ်ချုပ်၆ယောက်ဇက်ချုပ်တဲ့ နိုင်ငံရေးမရဏရထားကို ဆွဲနေရရှာပါတယ်။နောက်ဆုံးရွေးကောက်ပွဲမှာအတိုက်အခံမော်ဂန်ချန်ကရိုင်း နိုင်သွားတော့ အကြောင်းတွေအမျိုးမျိုးပြအာဏာလွှဲရမှာမလွှဲဘဲထပ်ပြိုင်မယ်တဲ့။ ခလေးတွေကစားသလို ဘွာတေးလုပ်တာပေါ့။ နောက်ထပ် ရွေးကောက်ပွဲထပ်လုပ်တယ်။ ဒီတခါ မရှုံးရအောင် မနိုင်နိုင်တဲ့နည်းနဲ့အတိုက်အခံတွေကိုလိုက်ရိုက်သတ်တယ်။ လူတရာကျော်သေတယ်။ ချန်ကရိုင်းကိုလည်းသတ်မယ်ပေါ့။ခြိမ်းခြောက်တယ်။ ချန်ကရိုင်းတယောက် သူ့လူတွေကမတရားသေ၊သူလည်းအသက်ဘေးနီးဆိုတော့ ကြုံရာသံရုံးတခုထဲ ၀င်ပြေးရရှာပြီးရွေးကောက်ပွဲမ၀င်တော့ပါဘူး။ပြောတယ်။ဒါနဲ့မူဂါဘီကပြိုင်ဘက်မရှိသမတ ပြန်လုပ်တယ်။
ပွဲကသရုပ်ပျက်လွန်းနေတော့တကမ္ဘာလုံးပွက်လောရိုက်နေပြီးဒီနေ့ဘဲ တောင်အာဖရိက သမတအမ်ဘီကီဝင်ညှိပြီးအောင်မြင်တယ်ဆိုတယ်ညီညီညွတ်ညွတ်ပြန်လုပ်ကြဘို့ သဘောတူသွားကြသတဲ့။အာဏာခွဲဝေကြရမှာပေါ့၁၀နှစ်ကြာရန်သူပြိုင်ဘက်တွေ ခုတော့လည်းလက်ဆွဲနှုတ်ဆက်နေကြ။ ဒါကောင်းတဲ့လက္ခဏာပါ။ တဖက်မှာတော့ မြေဇာပင်ဖြစ်တဲ့ပြည်သူတွေကသေကြေနေတုန်း။လတ်လတ်ဆတ်ဆတ်အသုဘချနေတဲ့ သတင်းကိုပြနေတုန်းဘဲ။တရားခံဘယ်မိမှာလဲ။
သတင်းထဲမှာသိသာတာကသူတို့ နှစ်ဖက်လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ တချိန်လုံးအရိုက်အနှက်ခံရ သေပြေးရှင်ပြေးပြေးခဲ့ရတဲ့ ထာဝရအရှုံးသမားချန်ကရိုင်း အပြုံးကတောက်ပနေပြီးသမတကြီးမူဂါဘီမျက်နှာက မျောက်သံပုရာသီးခွံ့ခံထားရသလို အတော်ကျဉ်းကြပ်ပြီးဒုက္ခရောက်နေတဲ့ပုံတွေ့ရတယ်။
ဒါတွေကလောကသဘာဝဘဲ။သာသနာရေးကိစ္စလုပ်တာမှာတောင်လူထုတွေရဲ့ဒုက္ခတွေကိုမသိချင်ယောင်ဆောင်နေပြီးနအဖမြှောက်စားတာတခုပဲသာယာမိရင် နအဖအကြိုက် ဘက်လိုက်လို့များတရားဟောမိရင်နအဖဘုန်းကြီးဖြစ်ရတာဘဲ။ ဒီမိုကရေစီဘက်ကရပ်ရင်လည်း ဒီမိုကရေစီဘုန်းကြီးဖြစ်မှာဘဲ။ မြတ်စွာဘုရားဟောကြား ဆုံးမတော်မူခဲ့တဲ့ ၃၈ဖြာမင်္ဂလာမှာ အသေ၀နာစဗာလာနံလို့ဘဲဟောမြွက်တော်မူခဲ့တယ်မဟုတ်လားလူမိုက်ကိုရှောင်ဘို့ ဟောမြွက်တော် မူခဲ့တာ။ ပေါင်းဘို့ မြွက်တော်မမူခဲ့ဘူးလေ။
ခွန်ဆိုင်း (၂၁.၇.၂၀၀၈)
Subscribe to:
Post Comments (Atom)
1 comment:
ယုံကြည်ရာလမ်းမမှိတ်မသုန်လျှောက်လှမ်းရာမှာ အခက်အခဲနဲ့ အဖျက်တွေဟာတွေ့စမြဲပါအမ... အားတင်းထားပါ... ဘာမှအရေးမပါတဲ့စကားတွေအတွက် ကိုယ့်ဆီက တစ်ခုခုလျှော့ပေးလိုက်ရတာ မဖြစ်စေချင်ဘူး.. မှန်တယ်ထင်ရင် ဘယ်သူ့ဂရုစိုက်စရာလိုမလဲ... ဟုတ်ဘူးလား...အမလုပ်နေတဲ့ဟာတစ်ခုခု သူများတွေကြောင့်လျော့ပေးလိုက်ရတာ ဖျက်သိမ်းပစ်လိုက်တာ မဖြစ်စေချင်ဘူး... Just don't give a shit ...
စေတနာဖြင့်
ရဲဝင့်သူ
Post a Comment