Friday, June 18, 2010

တချို့ တိုင်းရင်းသားတွေ က လက်မခံသေးဖူးဆိုရင် ကျမတို့ က သူတို့ ကို အမြင်ကျယ်လာအောင် လေ့ကျင့် သင်ကြားရပါမယ်

(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံအမျိုးသမီးများနေ့  အောင်မြင်စွာကျင်ပခဲ့ခြင်း




ဒီနေရာမှာ ကျောင်းသူ၊ကျောင်း သားတွေရဲ့ အားကျလေးစားစရာ လုပ်ရပ် တွေကိုလဲ ကျမမဖော်ပြပဲမနေနိုင်ပါဘူး။ ဒီ နိုင်ငံတာဝန် လှုပ်ရှားမှုမှာ သူတို့တတွေ အားလုံးသိပ်ပြီး သတ္တိရှိထက်မြက်ကြရုံမကပဲ သဘောထားပြည့်ဝကြပြီး အကြံသစ်ဥာဏ် သစ်များကို လွယ်ကူစွာ နားလည်လက်ခံနိုင် ကြပါတယ်။ သူတို့ရဲ့ စုပေါင်း စီမံခန့်ခွဲမှုတွေ စိတ်အားထက်သန်မှုတွေဟာ သိပ်ကို အံ့သြ ဂုဏ်ယူလေးစားစရာ ဖြစ်ပါတယ်။
သူတို့ဟာ တစ်နေ့ကျရင် တိုင်း ပြည်ရဲ့ ဦးဆောင်တာဝန်တွေကို ပခုံးပြောင်း ယူကြမယ့် သူတွေဆိုတာ စဉ်းစားမိရင်များ စွာနှစ်ထောင်း အားရစရာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို သူတို့ရဲ့ လက်ထဲမှာ တနေ့ကျရင် စိတ်ချလက်ချအပ်နိုင် ကြမယ်လို့ ကျမခိုင်ခိုင်မာမာယုံကြည်ပါ တယ်။ ။
ဒေါ်အောင်ဆန်းစုကြည်
















Sunday, June 13, 2010

ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့

အမေစုစာ၊ အမေစု ကဗျာ (အပိုင်း ရ)....


ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။

ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။



ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ လူတွေရဲ့အသိအမှတ် အပြုမခံရပဲ၊ သတင်းလောကရဲ့ သတိထား စောင့်ကြည့်မှု မခံရဘဲနဲ့ ပြသရဲတဲ့ ဒီလိုသတ္တိမျိုးဟာ ကျမတို့ အပေါ်လွှမ်းမိုးနေပြီး လေးစားဂုဏ်ယူတဲ့ စိတ်တွေ ပေါ်ပေါက်လာစေကာ လူသားတွေ ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးတွေအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေ ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးလက ကျမနေအိမ်မှာ အကျယ်ချုပ် ချခံနေရာကနေ လွတ်လာပြီးတဲ့နောက် ရက်သတ္တတပတ်ပြီး တပတ် ကုန်သွားတာနဲ့အမျှ ဒီလိုသတ္တိမျိုးကို ကျမတွေ့လာခဲ့ပါတယ်။

ကျမတို့ရဲ့ စနေ၊ တနင်္ဂနွေ လူထု ဆွေးနွေးပွဲကို ရဲရဲရင့်ရင့် လာနေကြတဲ့ ကျမတို့ကို ထောက်ခံ အားပေးသူတွေဟာ စစ်မှန်တဲ့ အင်းအားတွေဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတဲ့ ပြယုဂ် တစ်ခုပါပဲ။ အဲဒီ အထဲမှာ ဆွေးနွေးပွဲကို တစ်ရက်တောင် မပြတ်ပဲ အမြဲလာပြီး ကျမတို့ရဲ့ စိတ်ထဲမှာလည်း မိသားစုသဖွယ်ဖြစ်နေတဲ့ သူတွေ ပါရှိနေပါတယ်။
ကျမတို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်နေတဲ့အမေဟာ ကျမရဲ့မိခင်ကြီးဘ၀ နောက်ဆုံး အချိန်တွေမှာထုံးခဲ့တဲ့ ဆံထုံးပုံစံအတိုင်း ဦးခေါင်းရဲ့ အပေါ်ပိုင်းလောက်မှာ ဆံထုံးထုံး ထားပါတယ်။ အမေရဲ့မျက်နှာမှာ ပူပင်သောက ကင်းတဲ့ အပြုံးကိုအမြဲတွေ့ရပြီး ပန်းသေးသေးလေး တွေကို ပန်လေ့ရှိပါတယ်။ သူဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့ အဘရယ် ၀င်းပကြည်လင်နေတဲ့ မျက်နှာ ပိုင်ရှင် မြေးငယ်လေး တို့နဲ့ အတူ လာပါတယ်။ လေးဘက်လေးတန်မှာ စစ်ထောက်လှမ်းရေး ကင်မရာများရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဒီမိုကရေစီ ယုံကြည်အသက်ဝင်ကာ သစ္စာစောင့် သိကြသော လူစုရဲ့အလယ်ခေါင်မှာ အမြဲရှိပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင် တာတွေက မြန်မာပြည်ဒီမို ကရေစီ ထွန်းကားရေးအတွက် လုံးဝအလျော့ မပေးပဲ ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသနေပါတယ်။

အဲဒီလိုတုန်လှုပ်မှုမရှိပဲ ခိုင်ခိုင်မာ မာယုံကြည်ထားတဲ့သူတွေဟာ စနေ၊ တနင်္ဂ နွေနေ့မနက် စောစောဆိုရင် ကျမရဲ့နေအိမ် ရှေ့ကသူတို့ရဲ့ ထိုင်နေကျ နေရာလေးကို ရောက်လာကြပါတယ်။ သူတို့ဟာ ခြံစည်းရိုးရဲ့ မျက်နှာချင်းဆိုင်နေရာမှာ သတင်းစာ စာရွက်ကိုပဲဖြစ်ဖြစ် ပလပ်စတစ် အခင်းကို ဖြစ်ဖြစ် ခင်းထိုင်ကာ ပူပြင်းလှတဲ့နေရဲ့ အရှိန်ကနေ သက်သာရာ ရအောင် သစ်ပင်လေးရဲ့ သေးငယ်တဲ့ အရိပ်အောက်မှာ အရိပ်ခို ကြပါ တယ်။ မိုးကောင်းတဲ့ရက်တွေဆိုရင် သူတို့ တစ်တွေဟာ ခင်းထိုင်တဲ့ ပလပ်စတစ် အခင်းလေးကို အမိုးလုပ်ပြီး ဒလဟောရွာနေတဲ့ မိုးရေအောက်မှာ မလျော့သော စိတ်ဓါတ်တွေ နဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ထိုင်နေကြပါ တယ်။

ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ကျမ တို့ ညနေလေးနာရီမှာ စကားပြောဖို့ ထွက် လာပြီဆိုရင် သူတို့ဟာ ခြံတံခါးရှေ့မှာ မြတ်နိုးတဲ့အပြုံးလေး တွေနဲ့ ကြိုဆိုနေပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံများဖြစ်တဲ့ လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ပြသခွင့်တွေရဲ့ အရေးပါပုံကို ယုံကြည် လက်ခံလို့ ကျမတို့ရဲ့ လူထု ဆွေးနွေးပွဲကို လာကြတဲ့ ထောင်နဲ့ချီပြီး ရှိတဲ့သူတွေရဲ့ နှလုံး သည်းပွတ် ဖြစ်ပါတယ်။ သူတို့ဟာ ကျမပြောတာတွေကို သေသေချာချာ ဂရုစိုက် နားထောင် ပါတယ်။ ပြီးတော့ ချက်ကျလက်ကျနဲ့ ရယ်မောဖွယ်ရာတွေနဲ့ ပြန်လည် တုံ့ပြန်ကြပါ တယ်။ အချိန်တွေ ကြာလာတာနှင့်အမျှ နိုင်ငံခြားသား တွေ သတင်းထောက်တွေက ကျမ ရဲ့ ပရိတ်သတ်တွေထဲမှာ တကယ့်ကို ယဉ် ယဉ်ကျေးကျေး ရှိတာတွေ စိတ်ကောင်း စိတ်မြတ်ရှိ ကြတာတွေကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အဓိက အားပြုပြီး ပြောတဲ့ အကြောင်းအရာ ဟာလည်း နိုင်ငံရေး အကြောင်း ပဲဖြစ်ပါတယ်။ ကျမတို့တစ်တွေ ပြည်သူ တွေဆီက လာတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သက်တဲ့ စာတွေကို ဖြေကြားပေးရပါတယ်။ ကျမတို့တစ်တွေ နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ကျမတို့တစ်တွေ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လွတ်လပ်ခွင့်၊ တရားမျတမှုနှင့် လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုကြပါ တယ်။ ကျမတို့တစ်တွေ တိုင်းပြည်ရဲ့ တိုးတက်မှု၊ အဆင်ပြေချောမွေ့မှုတွေကို ထိခိုက် စေနိုင်တဲ့ မူဝါဒတွေ အစီအစဉ်တွေကို ဝေဖန် ကြပါတယ်။ ကျမတို့တစ်တွေ သမိုင်းကိုလည်း ပြန်ပြောင်းလေ့လာကြပါတယ်။

ကျမတို့သုံးယောက်ဟာ တစ်ယောက်စီအလိုက် ကိုယ်အဓိကအထူးပြု ပြောဆိုရမယ့် အကြောင်းအရာ တွေကို ပြောဆိုကြပါတယ်။ တစ်ခါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ခဲ့၊ ရဟန်းအဖြစ်နဲ့ နှစ်ဝါလည်းရခဲ့၊ ဥပဒေပညာ ဘွဲ့ကိုရထားတဲ့ ဦးတင်ဦးက တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဥပဒေရေးရာ တွေကို ပြောဆိုပါတယ်။ သူဟာ နိုင်ငံရေးနဲ့ အမှန်တရားတွေကို ဗုဒ္ဓဟောကြားဆုံးမခဲ့တဲ့ ဇာတကတွေ၊ နိပါတ်တွေနဲ့ ခိုင်နှိုင်းပြီး သရုပ်ပေါ်အောင် ပြောနိုင်တဲ့ သူဖြစ်ပါတယ်။ အာဏာပိုင်တွေက အန်န်အယ်လ်ဒီ အပေါ် ပြုမူတဲ့ အရာတွေကို ဥပဒေ ရှုထောင့် ကနေ ရှုမြင်သုံးသပ် ပြပါတယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ အမိန့်ပေးသလို အားနဲ့ မာန်နဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ အတွက် မိုက်ကလိုဖုန်းတောင် မလိုပါဘူး။ သူနဲ့သိပ်ပြီးမရင်းနှီးတဲ့ ပရိသတ်တွေတောင် သူ့ရဲ့စကားတွေကို ကြားရုံနဲ့တင် ရိုးသား ဖြောင့်မတ်မှုကို အလွယ်တကူ တွေ့မြင်နိုင် ပါတယ်။

ဦးကြည်မောင်ကတော့ စီးပွားရေး၊ သမိုင်းနဲ့ ပညာရေး ဆိုင်ရာအကြောင်းတွေကို အဓိကထားပြီး ရယ်မော စရာတွေကို ကောင်းကောင်း ပြောတတ်တဲ့သူ ဖြစ်ပါတယ်။ ကျမနေအိမ်ရဲ့ မျက်နှာချင်း ဆိုင်လမ်းရဲ့ ဟိုဖက်ခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြဲတမ်း စောင့်ကြည့်နေတဲ့ နေရာရှိပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲပြု လုပ်နေတဲ့ အချိန်မှာဆိုရင် ဗွီဒီယိုရိုက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ခြံစည်းရိုးမှာ ကင်မရာထောင်ပြီး အကုန်လုံးကို မှတ်တမ်းတင်ပါတယ်။ အဲဒီလို ဗွီဒီယိုရိုက်တဲ့အဖွဲ့ရဲ့ အနားပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ တခြားလုံခြုံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ဟာ ကျမ ပြောတာတွေကို သေသေချာချာ နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ ဦးကြည်မောင် ပြောတဲ့ ဟာသတွေကို အားရပါးရ ရယ်ကြပါ တယ်။ သူတို့ရဲ့ မျက်နှာမှာ သွားတွေအဖွေး သား ပေါ်နေတာကို ကျမတို့ တွေ့ရလို့ပါပဲ။

(တချို့ဟာသတွေမှာ သူတို့တစ် တွေကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောတာတွေ ဖြစ်ပါတယ်။) သူမကြာမကြာ ပြောလေ့ရှိတဲ့ မြေးငယ်လေး ပုံပြင်ဟာ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့အလွန်တူပြီး အတော် လူကြိုက်များပါတယ်။

ကျမကတော့ ပရိသတ်တွေထဲက လာတဲ့ စာတွေကို ပြန်လည် ဖြေကြားပေးပြီး မြန်မာနိုင်ငံရဲ့ အတိတ်ကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ ကမ္ဘာပေါ်ရှိ ကမ္ဘာနေရာ တွေက နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောဆိုဆွေးနွေး ပါတယ်။ မကြာခဏဆိုသလိုပဲ ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲကို တစ်နှစ်ကျော် ကြာစေခဲ့တာက ယုံကြည်ချက် ခိုင်မာတဲ့ ကျမတို့ ပရိတ်သတ်ရဲ့ အင်အားနဲ့ စိတ်ဆန္ဒတွေ ကြောင့်ပါပဲ။ အဲဒီကာလတုန်းက အာဏာပိုင်တွေ လူထုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလေ လူထုက သွေးစည်း ညီညွှတ်တာကို ပြတဲ့အနေနဲ့ ပိုပြီးလာလေပါပဲ။ အာဏာပိုင် တွေက လူထုဆွေးနွေးပွဲတွေ မပြုလုပ်စေချင်လို့ ကျမအိမ်ကို လာတဲ့ လမ်းကိုပိတ်ထားတာတောင် ပြည်သူတွေက သူတို့ အနီးဆုံး လာလို့ရတဲ့ နေရာအထိလာပြီး သူတို့ဟာ လွတ်လပ်စွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင် ရုန်းကန်းသွားမယ် ဆိုတာကို ကမ္ဘာက သိအောင် ပြသနေပါ တယ်။


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက်
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။*

Monday, June 7, 2010

ဥပဒေပညာရှင်လူငယ်လေးတွေ နဲ့  အလုပ်သမားအခွင့်အရေး



ဆွစ်ဇလန် နိုင်ငံဂျနီဗာမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်
ညီလာခံကျင်းပနေပါတယ် အပြည်ပြည်ဆိုင်ရာနိုင်ငံပေါင်း ၁၃၈ နိုင်ငံက
ကိုယ်စားလှယ်တွေတက်ရောက်နေကြတာဖြစ်ပါတယ်။
အဲဒီ့အစည်းအဝေးမှာ ၂၀၀၇ မှာ မေဒေးနေ့  ပညာပေးဟောပြောပွဲကျင်း
ပဖို့ ကြိုးစားနေစဉ် အဖမ်းခံခဲ့ရတဲ့ ဥပဒေကျောင်းသား အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ် လူငယ်ခေါင်းဆောင် ကိုသူရိန်အောင် နဲ့  ဥပဒေဘွဲ့ ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ်ခေါင်းဆောင် ကိုကျော်ကျော် တို့ ဦး
ဆောင်တဲ့ လူငယ်(၆) ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ခုလည်းမြန်မာပြည်ထဲ မှာအလုပ်သမားထုကိုအမှန်တကယ်ကိုယ်စားပြုတဲ့အလုပ်သမားသမဂ္ဂ
ပေါ်ပေါက်ဖို့  ရဲရဲတောက် ကြိုးစားနေသူကတော့ အောင်လံ လယ်သမား
များအမှုကိုလိုက်ပါဆောင်ရွက်ပေးရင်း ထောင်ကျခံခဲ့ရတဲ့ အသက် (၃၀)
အရွယ် လူငယ်ရှေ့နေလေး ကိုဖိုးဖြုပဲဖြစ်ပါတယ် ။ ဒီလူငယ် ဥပဒေပညာရှင်လေးတွေရဲ့ ဘ၀တွေအသက်တွေ
ရင်းပြီး ပြည်သူလူထု အလုပ်သမားထု လယ်သမားထု ရဲ့ ဘ၀တွေစစ်အာဏာရှင်စနစ်ဆိုးအောက်ကလွှတ်
မြောက်အောင် ကြိုးပမ်းနေမှုကို ကျမ လှိုက်လှိုက် လှဲလှဲ ကြိုဆို ဂုဏ်ပြုမိပါတယ် ။

Friday, June 4, 2010

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း ’


ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ်သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ်ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီ အလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက် ပွဲဆင်ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ် သမား တိုက်ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြို ခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေကျရမှု တွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သ မိုင်း ချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေးနက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန်လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။
ဒို့အရေး - ဒို့အရေး …
ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ...’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုး လုံးညံအောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတ လျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက် ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေ တဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ’။
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ ကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေ ကွက်လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့ အနီးမှာ တထပ်တိုက်အဆောက်အဦ ရှည်ကြီးတခု ရှိပါတယ်။ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါ တယ်။ အဲဒါတွေပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံ နဲ့သူ အစီအရီ တန်းစီတည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအ တွင်း စက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေး က ဂိတ်ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါ တယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာ ချောင်ချိရေးကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံ တွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအ တွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ် ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါတယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန် ကို ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မ တန်မှ တရားမျှတပြီး အင်မတန်မှ ကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်း ဖြည်းများလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသား ချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေ ကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါ တယ်။ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ် သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည် ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေ သတဲ့၊ ဆပ်ပြာစက်ရုံက လဲ သပိတ်မှောက်နေ သတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံက နေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာကျလာပါတယ်။ ဇွန်လရဲ့ မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်း တင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ် ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကား တွေပေါ် က ပေပါခွံကြီးတွေကို ကားအောက်ချလိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တ တန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်။ ကားပေါ် မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အ ပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ်ကြည့်နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိ သတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတ စွာ တောင်းဆိုနေတာဖြစ်တယ်...’ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန်ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊တိမွေးကုတက္ကသိုလ် စက်မှု တက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်းဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်း ကြီးမျိုးကို မြင်လိုက်ကြရတော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြ တဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ် ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက် ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေး များများ လာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖေါင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက် က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရ အောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ် ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိ ပါတယ်။လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေ ပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေ ကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအ ချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ် တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာ ကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက် ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီ အချိန်မှာ သေနတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -
‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …
‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ
တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတ ယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့ တွေ ဟပ်မိပြီး၊ မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူ အုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့် တည့်တလျောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူ တွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီဝီ ဖြတ်လာပါ တယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတ နာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရ တယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက် ထွက်လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွားတိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက် ကြီးဟာ လည်ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်း က ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာ ရသူရဲ့ ညီတော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...
‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည်အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင် ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်။
မရှေးမနှောင်းမှာပဲ ...
‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ်စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါ တယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှု ကြီးကြောင့် သွေးမြေကျ ရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြ ရသူတွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေး ယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျ ခဲ့ ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက် ဖျက်ပစ်လို့မရနိုင် မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။

ဇွန်လ(၆)ရက်အကျော် (ရ)ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံ တိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ် သမားတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေး
ဆရာဖိုးကျော့ တို့လဲ ပါခဲ့ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာ ဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန် ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုး ဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်း အရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါ ပြီ။
အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန်(၆)အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

မေး(လ်) ဖြင့်ပေးပို့ သူအားအထူးကျေးဇူးတင်ရှိပါသည်။